News

POST TYPE

EDITOR PICK POST

YBS (၁၂) လိုင်းကို ယာဉ်အသစ် အစီး ၄၀ အစားထိုးပြေးဆွဲမည်
08-Jan-2018


ရန်ကုန်၊ ဇန်နဝါရီ ၈

ဒဂုံမြောက် ၅၀ ကွေ့ မှတ်တိုင်မှ ဆူးလေအထိ ပြေးဆွဲနေသော YBS (၁၂) ယာဉ်ဟောင်းများနေရာတွင် လေအေးပေးစက် တပ်ဆင်ထားသည့် Yutong အမျိုးအစား ယာဉ်အသစ် အစီး ၄၀ ကို ဇန်နဝါရီလ ၉ ရက် (မနက်ဖြန်) တွင် အစားထိုး ပြေးဆွဲမည်ဖြစ်ကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီထံမှ သိရသည်။

ခရီးစဉ် ပြေးဆွဲမည့် YBS (၁၂) ယာဉ်အသစ်များမှာ တစ်စီးလျှင် ကျပ်သိန်းတစ်ထောင်ခန့် တန်ကြေးရှိပြီး ၂၀၁၇ ခုနှစ် မော်ဒယ်ထုတ် ကားများဖြစ်ကြောင်းနှင့် ရက်ပိုင်းအတွင်း ထပ်မံရောက်ရှိလာမည့် ယာဉ်အသစ် ၁၁ စီးကိုလည်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ မြို့တွင်းခရီးစဉ် ပြေးဆွဲနေသော ယာဉ်လိုင်း ၅ လိုင်းတွင် ထည့်သွင်း ပြေးဆွဲပေးမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ဒါရိုက်တာ ဦးမင်းနိုင်က ပြောကြားသည်။

“ယခင်က အဲယားကွန်းမပါဘဲ ခရီးစဉ် အပိုင်းအဖြတ်နဲ့ ယာဉ်စီးခ တစ်ရာကျပ်ယူပြီး ပြေးဆွဲနေတဲ့ YBS (၁၂) ယာဉ်လိုင်းကို ကားအသစ်တွေ အစားထိုးလိုက်တာပါ။ ယာဉ်စီးခ ပုံသေနှစ်ရာကျပ် ကောက်မယ်။ ခရီးစဉ်က အပြောင်းအလဲ မရှိဘူး။ ယခင် လမ်းကြောင်းအတိုင်းပဲ ပြေးဆွဲမှာပါ”ဟု ဦးမင်းနိုင်က ဆက်လက်ပြောကြားသည်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ ယာဉ်လိုင်းအမှတ် ၁၂၊ ၁၄၊၂၅၊ ၃၀၊ ၃၈ ယာဉ်လိုင်း ၅ လိုင်းဖြင့် မြို့တွင်းခရီးစဉ်များ ပြေးဆွဲလျက်ရှိပြီး ဇန်နဝါရီ ၉ ရက်နေ့မှစတင်ကာ အဆိုပါ ယာဉ်လိုင်း ၅ လိုင်းလုံးတွင် လေအေးပေးစက် တပ်ဆင်ထားသည့် ယာဉ် ၂၆၂ စီးဖြင့် ပြေးဆွဲမည်ဖြစ်သည်။

ကုမ္ပဏီရှိ ယခင်က ပြေးဆွဲနေသော ယာဉ်ဟောင်း အစီး ၁၀၀ ကိုလည်း ခရီးသည်များသွားလာရန် ယာဉ်အခက်အခဲဖြစ်နေသည့် ယာဉ်လမ်းကြောင်းများတွင် ယာဉ်လိုင်း ၂ လိုင်း တိုးချဲ့ကာ ပြေးဆွဲခွင့်ရရှိရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးနှင့် ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံ လက်တလောတင်ပြထားပြီး ပြေးဆွဲခွင့်ပြုပါက ယာဉ်အစီးရေ စုစုပေါင်း ၃၆၂ စီးဖြင့် ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီက မြို့တွင်း ခရီးစဉ်များ ပြေးဆွဲသွားမည်ဖြစ်သည်။

S-03