News

POST TYPE

EDITOR PICK POST

YBS ယာဉ်လိုင်းများမှ စည်းကမ်းမလိုက်နာသည့် ယာဉ်လုပ်သား ၂၀ ကျော်ကို ထုတ်ပယ်
08-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၇

ရန်ကုန်မြို့အတွင်း ခရီးသည် သယ်ယူပို့ဆောင်ရေး ဆောင်ရွက်နေသည့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီအောက်ရှိ YBS ယာဉ်လိုင်းများမှ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်လုပ်သား ၂၀ ကျော်ကို ဒီဇင်ဘာလက ရာသက်ပန်ထုတ်ပယ်ခဲ့ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

“အရင်က တစ်လမှာ ငါးဦးလောက်ပဲ ယာဉ်လုပ်သား ထုတ်ပယ်မှုရှိတယ်။ အခုက တစ်လတည်းကို ၂၀ ကျော် ရှိတယ်။ စည်းကမ်းလိုက်နာမှု အားအရမ်း နည်းနေသေးတာ တွေ့ရတယ်”ဟု YUPT ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

YBS တံဆိပ်တပ်ပြေးဆွဲခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်မှ ဩဂုတ်လအထိ ယာဉ်စည်းကမ်းများဖောက်သည့် ယာဉ်လုပ်သား ၄၀ ကျော်ကို ရာသက်ပန်ထုတ်ပယ်ခဲ့ပြီး လက်ရှိ ဒီဇင်ဘာလတွင် စည်းကမ်းဖောက်ဖျက်သည့် ယာဉ်လုပ်သား ၂၄ ဦးကို ရာသက်ပန်ထုတ်ပယ်ခဲ့ကြောင်း YUPT ကုမ္ပဏီထံမှ သိရသည်။

“ကျန်ခဲ့တဲ့သုံးလစာရင်းနဲ့ တစ်နှစ်စာ စာရင်းချုပ် လုပ်နေပါတယ်။ နောက်ပိုင်းလည်း စည်းကမ်းမလိုက်နာတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူမှာပါ”ဟု YUPT ကုမ္ပဏီ၊ ယာဉ်စည်းကမ်း စစ်ဆေးရေးဌာန စစ်ဆေးရေးမှူး ဦးကျော်တင့်က ဆိုသည်။

စည်းကမ်း ဖောက်ဖျက်မှုများအနက် ယာဉ်လုပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ ယာဉ်တွင်တပ်ဆင်ထားသည့် CCTV ကို မမြင်အောင်ကွယ်၍ ယာဉ်စီးခကောက်ခံခြင်း၊ ခရီးသည်ကို ရိုင်းပျစွာ ဆဲဆိုခြင်း စသည့်ပြစ်မှုများ ကျူးလွန်ပါက ရာသက်ပန်ထုတ်ပယ်ကြောင်း YUPT ကုမ္ပဏီထံမှ သိရသည်။

ထို့အပြင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်မှ ဒီဇင်ဘာလအထိ စည်းကမ်းဖောက်ဖျက်မှု ၅၈၉ မှုရှိပြီး ကုမ္ပဏီစည်းကမ်းချက် ၁၃၈ ချက်ဖြင့် အရေးယူထားကြောင်း ဦးကျော်တင့်က ပြောကြားသည်။

စည်းကမ်းဖောက်ဖျက်မှု အများဆုံးမှာ ခရီးသည်ကို မချေမငံဆက်ဆံခြင်း ၈၄ မှု၊ သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းခြင်း ၉၁ မှု၊ မှတ်တိုင်တွင် မရပ်ခြင်း ၉၁ မှု၊ ငွေပုံးစနစ် တပ်ဆင်ထားခြင်း မရှိသေးသည့် ယာဉ်အကူမှ ယာဉ်စီးခပိုတောင်းခြင်း ၉၃ မှု၊ YBS စတစ်ကာ မတပ်ခြင်း ၄၃ မှု ရှိကြောင်း YUPT ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ ပြစ်မှုများကျူးလွန်ပါက စည်းကမ်းချက် ၁၃၈ ချက်အရ ဒဏ်ငွေ ကျပ်သုံးထောင်၊ ကျပ်တစ်သောင်း၊ ကျပ်သုံးသောင်းနှင့် ကျပ်ငါးသောင်း (သို့မဟုတ်) ယာဉ်မောင်းလိုင်စင် သုံးလ ပိတ်သိမ်းအရေးယူကြောင်း YUPT ကုမ္ပဏီထံမှ သိရသည်။

ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ YUPT သည် ယာဉ်လိုင်းပေါင်း ၂၀ ကို တာဝန်ယူပြေးဆွဲနေပြီး YBS ယာဉ်တစ်လိုင်းတွင် ယာဉ်စီးရေ ၄၀ မှ ၁၀၀ စီးကျော်အထိ ရှိသည်။

J-06


  • VIA