News

POST TYPE

EDITOR PICK POST

ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ပါတီမှနုတ်ထွက်မည်ဟု ဒေါက်တာအေးမောင်ပြော
06-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၆

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ နုတ်ထွက်မည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။

“နုတ်ထွက်ပြီးပြီပဲ။ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာ၊ ဥက္ကဋ္ဌလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ပဲ ပါတီဘက်ကဆုံးဖြတ်လို့ရအောင် ရွေးကောက်ပွဲတောင် မတင်ဘူး။ တစ်လပြည့်ရင် ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားရတာပေါ့။ ဘာကြောင့်ထွက်သလဲ ထိပ်ပိုင်းခေါင်းဆောင်တွေ သိတယ်။ နုတ်ထွက်ပြီးတဲ့အတိုင်း Plan A,B,C ရှိတယ်”ဟု ၎င်းက ဆိုသည်။

သို့သော် ပါတီက နုတ်ထွက်ပြီးလျှင် ပါတီသစ်တည်ထောင်ရန် အစီစဉ် ရှိ၊ မရှိ မေးမြန်းရာတွင် ယခုအချိန်မှာ ထုတ်ဖော်ပြောဆိုရန် မသင့်သေးကြောင်း ၎င်းက ပြောကြားသည်။

ရခိုင်အမျိုးသားပါတီ (ANP) အတွင်း၌ ခေါင်းဆောင်များ အချင်းချင်းကြား ညီညွတ်မှုမရှိသည့်အပြင် အစည်းအဝေးအတွင်း၌သော်လည်းကောင်း၊ ပြင်ပ၌သော်လည်းကောင်း ခေါင်းဆောင်များ၏ တပည့်များမှ နည်းမျိုးစုံဖြင့် တိုက်ခိုက်ခြင်း၊ လူမှုမီဒီယာများ၌ အုပ်စုဖွဲ့စော်ကားခြင်း၊ အထူးသဖြင့် ဥက္ကဋ္ဌတစ်ဦးတည်းကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းများကို တွေ့နေရသဖြင့် နုတ်ထွက်စာကို နိုဝင်ဘာလ ၂၈ ရက်က တင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ နုတ်ထွက်စာတင်သည့်ကိစ္စကို စစ်တွေမြို့ပေါ်ရှိ ပါတီဗဟိုဌာနချုပ်တွင် ကျင်းပသည့် အစည်းအဝေးတွင် ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးရာတွင် ဆုံးဖြတ်ချက်မကျသေးကြောင်း ပါတီအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။

“အစည်းအဝေးကလည်း မပြီးသေးဘူး။ မဆုံးဖြတ်ရသေးဘူး”ဟု ၎င်းက ဆိုသည်။

ဒေါက်တာအေးမောင် ပါတီကနုတ်ထွက်မည့်ကိစ္စနှင့် ရခိုင်အမျိုးသားပါတီ (ANP) ၏ ရှေ့လုပ်ငန်းစဉ်များကို ဗဟိုအမှုဆောင်ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီလ ၄ ရက်မှ ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

အစည်းအဝေးပထမနေ့တွင် မြို့နယ်အသီးသီး တင်သွင်းလာသော စာတမ်းများကိုဖတ်ကြားခဲ့ပြီး ဒုတိယနေ့တွင် ဒေါက်တာအေးမောင် နုတ်ထွက်ခွင့်ကို အကျေအလည် ဆွေးနွေးခဲ့ကြသည်ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ရခိုင်အမျိုးသားပါတီ၏ အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသည့် နိုင်ငံရေးအခြေအနေနှင့် ပါတီ၏ အခန်းကဏ္ဍ၊ ပါတီတည်ဆောက်ရေးနှင့် ပါတီဆိုင်ရာစည်းလုံးရေး၊ ဘင်္ဂါလီ ပြန်လည်လက်ခံရေးတွင် အစိုးရအနေနှင့် အသိပေးတိုင်ပင်ခြင်းမရှိခဲ့သည့် အကြောင်းအရာများကို ဇောင်းပေးဆွေးနွေးခဲ့သည်။

J-18