News

POST TYPE

EDITOR PICK POST

တတိယမြောက် အမျိုးသမီးယာဉ်မောင်း YBS ယာဉ်လိုင်းတွင် စတင်မောင်းနှင်
05-Jan-2018 tagged as ရန်ကုန် YBS

ရန်ကုန်၊ ဇန်နဝါရီ ၎

ယာဉ်လိုင်းလေးလိုင်းကို တာဝန်ယူပြေးဆွဲနေသည့် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ YBPC လက်အောက်တွင် မောင်းနှင်ရန် YRTA အထူးယာဉ်မောင်း သင်တန်းဆင်းအမျိုးသမီးယာဉ်မောင်းတစ်ဦး ခန့်အပ်လိုက်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

“ကားတစ်စီးလုံးမှာပါတဲ့ ခရီးသည် ၅၀ ကျော်ရဲ့အသက်ကို ယာဉ်မောင်းက တာဝန်ယူထားရဖြစ်လို့ ပေါ့ဆလို့မရဘူး။ YRTA သင်တန်းမှာ စာတွေ့ဆင်းလာတယ်။ လက်တွေ့သင်တန်းပေးတယ်။ အောင်လို့ ခန့်အပ်လိုက်တာပါ”ဟု ရန်ကုန် ဘတ်စ်ကား အများပိုင်ကုမ္ပဏီ YBPC မှ တာဝန်ရှိက ဆိုသည်။

YRTA အထူးယာဉ်မောင်းသင်တန်း အမှတ်စဉ် - ၄ တွင် အမျိုးသမီးယာဉ်မောင်းလေးဦး သင်တန်းတက်ရောက်ခဲ့ရာ မအိအိခင်မှာ သင်တန်းအောင်မြင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ YBS ၃၇ ယာဉ်လိုင်းတွင် မောင်းနှင်နေပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“တကယ်တော့ အမျိုးသမီးတွေလည်း အလုပ်အကိုင်အခွင့်အလမ်း ကောင်းစေချင်တယ်။ နောက်ပိုင်းမှာ YRTA သင်တန်းအောင်ရှိခဲ့ရင် ထပ်ခန့်သွားဖို့ အစီအစဉ်ရှိတယ်” ဟု ၎င်းက ဆိုသည်။

အထူးယာဉ်မောင်းသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်ရန် လာရောက်လျှောက်ထားသူများကို ခရီးသည်တင်ယာဉ်ကြီး မောင်းနှင်နိုင်မှု ရှိ၊ မရှိ၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာများကို စစ်ဆေးချက်အောင်မြင်မှသာ သင်တန်းသို့ တက်ရောက်ခွင့်ရရှိကာ သင်တန်းအောင်မြင်သူများကို သင်တန်းဆင်းလက်မှတ် ပေးအပ်သည့်အပြင် YRTA အသိအမှတ်ပြု ယာဉ်မောင်းကတ်ပြားများကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

လက်ရှိတွင် အမျိုးသမီးယာဉ်မောင်းများအနက် အမျိုးသမီးတစ်ဦးသည် YBPC ကုမ္ပဏီတွင် မောင်းနှင်ပြီး အမျိုးသမီးယာဉ်မောင်းနှစ်ဦးသည် Power Eleven ကုမ္ပဏီတွင် မောင်းနှင်ကာ ထပ်မံ၍ အမျိုးသမီးယာဉ်မောင်း ၃၀ ကျော်ကို အဆိုပါကုမ္ပဏီက လက်တွေ့သင်တန်းပေးလျက်ရှိသည်။

J-06