News

POST TYPE

EDITOR PICK POST

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ဒုရဲချုပ်နှစ်ဦး ပထမဆုံးခန့်၊ ဒုရဲအုပ်သင်တန်းဆင်းတစ်ဦး ဒုရဲချုပ်အဖြစ် ပထမဆုံး ခန့်အပ်ခံရ
ရန်ကုန်၊ ဇန်နဝါရီ ၃

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ထူးခြားမှုအဖြစ် လစ်လပ်သော ဒုရဲချုပ် ရာထူးနေရာတွင် ဒုရဲချုပ်နှစ်ဦးကို ပထမဆုံး ခန့်အပ်ခဲ့ပြီး ရဲဝန်ထမ်းစစ်စစ်မှ ရာထူးအဆင့်ဆင့် တက်ခဲ့သူ ရဲမှူးချုပ်တစ်ဦး ဒုရဲချုပ်အဖြစ် ပထမဆုံး ခန့်အပ်ခံရသည်။

မှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်နိုင်သူနှင့် ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် မျိုးဆွေဝင်းတို့ကို ဇန်နဝါရီလ ၂ ရက်က ဒုရဲချုပ်များအဖြစ် တစ်ပြိုင်နက်တည်း ခန့်အပ်တာဝန် ပေးအပ်ခဲ့ရာ ရဲမှူးချုပ် အောင်နိုင်သူမှာ  ရဲဝန်ထမ်းစစ်စစ်မှ ရာထူးအဆင့်ဆင့် တက်ခဲ့သူဖြစ်ပြီး ရဲမှူးချုပ် မျိုးဆွေဝင်းမှာ တပ်မတော်မှ ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သူဖြစ်သည်။

“လုံခြုံရေးက တစ်ပိုင်း၊ အခြားတစ်ဖက်မှာလည်း နယ်စပ်ဖြတ် ကျော်မှုခင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက် ရေး၊ လူကုန်ကူးမှု အခြား ပြဿနာတွေက အများကြီးပဲ ရှိသေးတယ်။ အဲဒါတွေကို ဒုရဲချုပ် တစ်ယောက်တည်းဆို မနိုင်ဘူးလေ။ ဒါကြောင့် နှစ်ဦးထားရှိဖို့ အထက်လူကြီးတွေက ခွင့်ပြုပေးလိုက်တာပါ”ဟု အကြီးတန်း ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ဒုရဲချုပ် တစ်ဦးတည်းသာ ထားရှိခဲ့ရာမှ တပ်ရင်း တပ်ဖွဲ့နှင့်  ဌာနများပြားလာမှုကြောင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် များပြားလာသဖြင့်  ဒုရဲချုပ်နှစ်ဦးကို ပထမဆုံး ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးသက်နိုင်က ပြောကြားသည်။

ဒုရဲချုပ်အဖြစ် ခန့်အပ်ခံရသော ရဲမှူးချုပ်နှစ်ဦးအနက် ရဲမှူးချုပ်အောင်နိုင်သူမှာ မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးနှင့် လက်ရှိ CID ရဲတပ်ဖွဲ့မှူးအထိ အမြင့်ဆုံးရဲမှူးချုပ် ရာထူးအဆင့်သို့ အလျှင်အမြန်တိုးမြှင့် ခန့်အပ်ခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

ထို့အပြင် ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူး တာဝန် ထမ်းဆောင်စဉ်က ရဲတပ်ဖွဲ့ ဂုဏ်ဆောင်သည့် မှုခင်းကြီးအချို့ကို ဖော်ထုတ်နိုင်ခဲ့ပြီး ဒုရဲအုပ်သင်တန်း အပတ်စဉ် (၁၇) မှ ရဲစစ်စစ်တစ်ဦးကို အမြင့်ဆုံးရာထူးဖြစ်သော ဒုရဲချုပ်ရာထူးသို့ ပထမဆုံး တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အခြေစိုက် အမှတ် (၄) လုံခြုံရေးကွပ်ကဲမှု ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မြဝင်းက ပြောကြားသည်။

“တကယ့် ရဲအခြေခံက တက်လှမ်းလာတဲ့သူပေါ့။ ဒီလို ရာထူးအဆင့် ရောက်တာ ရှားရှားပါးပါးပဲ”ဟု ၎င်းကသုံးသပ် ပြောဆိုသည်။

ရဲဦးစီးအရာချုပ် တာဝန်မှ ဒုရဲချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရသူ ရဲမှူးချုပ် မျိုးဆွေဝင်းမှာ တပ်မတော် (ကြည်း) ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၆၈ မှ ဆင်းလာခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့သို့ ပြောင်းရွေ့စဉ် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ အမှတ် (၁) လုံခြုံရေး ကွပ်ကဲမှုတပ်ဖွဲ့မှူးနှင့် ရဲဦးစီးအရာရှိချုပ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံမှ သိရသည်။

“ရဲမှူးချုပ် မျိုးဆွေဝင်းက စီနီယာ ပိုကျတယ်။ ရဲတပ်ဖွဲ့သမိုင်းမှာ ဒုရဲချုပ် နှစ်ယောက်ပြိုင် ခန့်လိုက်တော့ ပထမဆုံး ထူးခြားမှတ်တမ်းပေါ့”ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက သုံးသပ် ပြောဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၌ လက်ရှိ ရဲချုပ်ဖြစ်သူ ရဲမှူးချုပ် အောင်ဝင်းဦးသည်လည်း ဒုရဲချုပ်အဖြစ်မှ ၂၀၁၇ ခုနှစ် ဩဂုတ် လကုန်တွင် ရဲချုပ်ရာထူးသို့ တစ်နှစ် (အစမ်း) ခန့် အပ်တာဝန်ပေးထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

လက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ရဲဦးစီးဌာနကြီး၊ ရဲရေးဌာနကြီး၊ ရဲထောက်ပံ့ရေးဌာနကြီး၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီးနှင့် ရဲလေ့ကျင့်ရေး ဌာနကြီး စုစုပေါင်း ငါးခုရှိခဲ့ပြီး ဒုရဲချုပ်နှစ်ဦး ခန့်အပ်ပြီးနောက်ပိုင်းတွင် ရဲရာထူးခန့်ထားရေး ဌာနကြီးတစ်ခုကို ထပ်မံဖွဲ့စည်းမည်ဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

J-17