News

POST TYPE

EDITOR PICK POST

၉၆၊ ၉၇၊ ၉၈ မော်ဒယ်လ် ခရီးသည်တင်ယာဉ်များ နိုဝင်ဘာ ၂၀ ရက် နောက်ဆုံး အပ်နှံရမည်
15-Nov-2017 tagged as YBS YRTA

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရန်ကုန်မြို့တွင်း YBS ခရီးသည်တင်ယာဉ်လိုင်းတွင် ပြေးဆွဲနေသည့် ၉၆၊ ၉၇၊ ၉၈ ခုနှစ် ထုတ်မော်ဒယ်လ် ယာဉ်အို၊ ယာဉ်ဟောင်းများ နိုဝင်ဘာလ ၂၀ ရက် နောက်ဆုံးထား အပ်နှံရမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။

“သတ်မှတ်ရက်အတွင်း အပ်နှံခြင်းမရှိတဲ့ ၉၈ အပါအဝင် ယာဉ်အိုတွေကို ပြေးဆွဲခွင့် ပိတ်မယ်”ဟု YRTA မှ တာဝန်ရှိတစ်ဦးကဆိုသည်။

YBS ယာဉ်လိုင်းများတွင် ၉၆၊ ၉၇၊ ၉၈ ခုနှစ် ထုတ်မော်ဒယ်လ် ယာဉ်အို၊ ယာဉ်ဟောင်းများကို အောက်တိုဘာလဆန်း ပိုင်းက အပ်နှံခွင့်ပြုခဲ့ပြီး စစ်တမ်းကောက် ယူချက်အရ ယာဉ်အို၊ ယာဉ်ဟောင်း စီးရေ ၄၀ဝ ကျော်ရှိကြောင်း YRTA ထံမှ သိရသည်။

“ဒီယာဉ်အိုတွေ အပ်နှံပြီးရင် ယာဉ်အသစ်များနဲ့ အစားထိုး ထည့်သွင်း ပြေးဆွဲမှာပါ”ဟု YRTA မှ တာဝန်ရှိတစ်ဦးက ဆိုသည်။

ယာဉ်လိုင်း ၂၁ လိုင်းကို တာဝန်ယူ ပြေးဆွဲနေသည့် YUPT ကုမ္ပဏီတွင် ၁၉၉၆၊ ၉၇၊ ၉၈ ခုနှစ်ထုတ် မော်ဒယ်လ်ယာဉ် ၁၀၂ စီးခန့်ရှိပြီး အပ်နှံရန် တိုင်းအစိုးရအဖွဲ့ထံသို့ တင်ပြထားကြောင်း အဆိုပါကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမောင်မောင်လွင်က ပြောကြားသည်။

“ဒီရက်ထဲ ယာဉ်တွေ အပ်တော့မှာပါ။ ကုမ္ပဏီမှာက ယာဉ်အသစ်တွေလည်း ရှိပြီးသားဆိုတော့ အစားထိုးပြေးလိုက်ရုံပါပဲ”ဟု ၎င်းက ဆိုသည်။

YBS စနစ်သစ်တွင် ပြေးဆွဲနေသည့် နှစ် ၂၀ ကျော်သက်တမ်းရှိ ၁၉၉၅ ခုနှစ်ထုတ် မော်ဒယ်လ်အောက် ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံခြင်းကို ၂၀၁၆ ခုနှစ်က လုပ်ဆောင်ခဲ့ပြီး အပ်နှံကာ လူစီးစလစ် ထုတ်ယူထားသည့်ယာဉ် ၃၁၁၃ စီး ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) ထံမှ သိရသည်။

J-06