News

POST TYPE

EDITOR PICK POST

အိုင်တီပညာရှင်များအတွက် အလုပ်သင် ပညာယူအခွင့်အရေး

အမေရိကန် ပြည်ထောင်စုမှာ ပညာသင်၊ အလုပ်သင်အဖြစ် သွားရောက် တာဝန်ထမ်းဆောင်နိုင်ဖို့ အခွင့်အရေး ဖြစ်ပါတယ်။ အိုင်တီ နည်းပညာကို တတ်မြောက်ထားတဲ့ လူငယ်တွေ အတွက် ကြိုးစားကြည့်သင့်တဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်တယ်။ 

UNICEF ဆိုတာ နိုင်ငံနဲ့ ဒေသပေါင်း ၁၉၀ လောက်မှာ ကလေးတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ လုပ်ဆောင်နေပါတယ်။ UNICEF အနေနဲ့ ကလေးတွေနဲ့ မိသားစုတွေရဲ့ ဘဝလုံခြုံရေးအတွက် လုပ်ဆောင်ပေးနေတဲ့ လုပ်ငန်း အတွေ့အကြုံကလည်း နှစ်ပေါင်း ၇၀ လောက်ရှိနေပါပြီ။ ကလေးတွေရဲ့ အခွင့်အရေး အပြည့်အဝ ရရှိဖို့အတွက် UNICEF အနေနဲ့ တစ်ကမ္ဘာလုံးကို အသိပညာတွေ ပေးဖို့လည်း ဆောင်ရွက်လျက်ရှိပါတယ်။ ယခုအစီအစဉ်ဟာ UNICEF ရဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

အလုပ်သင်အဖြစ် သွားရောက် လုပ်ကိုင်ရမယ့် နေရာကတော့ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်ဒေသမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၃ လကနေ အများဆုံး ၆ လအထိ အလုပ်သင်အဖြစ် လုပ်ကိုင်ရမှာပါ။ အချိန်ပိုင်းအဖြစ် လုပ်ကိုင်ရမှာဖြစ်ပြီးတော့ ကျောင်းတက်နေတဲ့ ကျောင်းသားတွေအတွက် ပိုပြီး အဆင်ပြေစေနိုင်ပါလိမ့်မယ်။ 

ဒီလုပ်ငန်းခွင် အတွေ့အကြုံ သင်တန်းဟာ ဆန်းသစ်တဲ့ တီထွင်မှုတွေကို လူငယ်တွေ လုပ်ဆောင်လာနိုင်အောင်နဲ့ UNICEF ပရိုဂရမ်တွေကို ပိုပြီး ထိရောက်လာစေရန် အထောက်အကူ ပြုပေးဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာက လူငယ်တွေ အကျိုးကို ဝင်ရောက်ကူညီပေးရာ ရောက်လို့ မြင့်မြတ်တဲ့ လုပ်ငန်းတစ်ခုလို့လည်း ဆိုနိုင်တယ်။ 

UNICEF အနေနဲ့ ၂၀၁၆ ခုနှစ်ကတည်းက Office of Innovation ဆိုတဲ့ အဖွဲ့တစ်ခုကို ထူထောင်ထားပါတယ်။ ဒီအဖွဲ့က တီထွင်မှုတွေကို ကမ္ဘာတစ်ဝန်းမှာ ထိရောက်စွာ အသုံးချနိုင်ရေးတွေကိုလည်း လုပ်ဆောင်နေကြပါတယ်။ ဒီအဖွဲ့အနေနဲ့

- ၂၀၁၄ ခုနှစ်မှာ The Global Innovation Centre (GIC) ကို ဖွဲ့စည်းထူထောင်နိုင်ခဲ့ပါတယ်။ UNICEF နဲ့အတူ ပူးပေါင်း ဆောင်ရွက်တဲ့ အခြားအဖွဲ့အစည်းတွေမှာ အသုံးပြုနိုင်ဖို့ ထိရောက်တဲ့ ဆော့ဖ်ဝဲတွေကို တီထွင်ပေးနိုင်ခဲ့ကြတယ်။

- တီထွင်သူတွေကို ရင်းနှီးမြှုပ်နှံမှုတွေ အထောက်အပံ့ ပေးနိုင်ခဲ့တယ်။

- အနာဂတ်မှာလည်း အတူ ပူးတွဲ လုပ်ကိုင်နိုင်မယ့် နည်းပညာရှင်တွေကို ဆက်လက် ဖော်ထုတ်ပေးသွားဖို့ စီစဉ်ထားတယ်။

UNICEF အဖွဲ့ရဲ့ Office of Innovation အနေနဲ့ Blockchain, Artificial Intelligence, UAVs, Data Science ဆိုတဲ့ ပညာရပ် နယ်ပယ်တွေမှာလည်း ဆက်ပြီး တိုးတက်အောင် ကြံဆောင်ဖို့ အစီအစဉ်တွေ ရှိသလို၊ ငွေလုံး ငွေရင်းနှင့် ရင်းနှီးမြှုပ်နှံမှုတွေလည်း လုပ်ဖို့ စီစဉ်ထားပါတယ်။ 

- အလုပ်သင်တွေ အနေနဲ့ လုပ်ငန်း အတွေ့အကြုံရမှာ ဖြစ်ပြီးတော့ သွားလာစရိတ်၊ နေထိုင်စားသောက် စရိတ်တွေကတော့ ကိုယ်တိုင်ကျခံရမှာပဲ ဖြစ်ပါတယ်။ UNICEF အနေနဲ့ လစဉ် ထောက်ပံ့ကြေး ထုတ်ပေးမှာ ဖြစ်ပေမယ့် အခြားကိုယ့်ငွေနဲ့ ကိုယ် ရပ်တည်နိုင်အောင်တော့ ကြိုးစားဖို့ လိုပါတယ်။

- UNICEF ကျန်းမာရေးအတွက် အာမခံတွေ မပေးပါဘူး။ အလုပ်သင်ကာလ မတော်တဆ ဖြစ်မှုတွေအတွက် တာဝန်မယူပါဘူး။ ဆေးစာ ထောက်ခံချက်တွေနဲ့ အသက်အာမခံ စတာတွေကို အလုပ်မဝင်မီ အထောက်အထားတွေ တင်ပြဖို့ လိုပါလိမ့်မယ်။ 

- အလုပ်သင် ကာလအတွင်း နေထိုင်ဖို့ Visa ကိုလည်း ကိုယ်တိုင် လုပ်ဆောင်ထားရမှာ ဖြစ်ပါတယ်။

- ကိုယ်ပိုင် Laptop နဲ့ လာရမှာဖြစ်ပြီးတော့ အင်တာနက် အသုံးပြုခွင့်ကိုတော့ တာဝန်ထမ်းဆောင်နေချိန်တွေမှာ ရရှိမှာဖြစ်ပါတယ်။ 

အလုပ်သင်အဖြစ် လျှောက်ထားလိုသူတွေ အနေနဲ့ -

- ပညာ အရည်အချင်း အထောက်အထား လက်မှတ်၊ အထူးသဖြင့် ကွန်ပျူတာသိပ္ပံ အောင်မြင်ပြီးကြောင်း ဘွဲ့လက်မှတ်ကို လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ရရှိပြီးကြောင်း အထောက်အထား၊

- ပညာထူးချွန်ကြောင်း အထောက်အထား၊ မှတ်တမ်းများ၊

- နည်းပညာနဲ့ တီထွင်မှုကို မည်မျှ စိတ်ဝင်စား ကြောင်း လုပ်ဆောင်ထားမှု သက်သေ အထောက်အထား၊

- အောက်ပါနည်းပညာရပ်များကို အတွေ့ အကြုံရှိပြီး တတ်မြောက်ထားမှုတွေကိုလည်း ပြသနိုင် ရမှာ ဖြစ်ပါတယ်။ 

SQL/NoSQL,node.js, react + redux, linux, mocha / spec, spark, docker,  bootstrap or material design lite

ဘာသာစကားအနေနဲ့ အင်္ဂလိပ် ဘာသာစကားကို ကောင်းစွာပြောဆို တတ်မြောက်ဖို့် လိုပါတယ်။ ကုလသမဂ္ဂမှာ အသုံးပြုနေတဲ့ အခြား ဘာသာစကား တစ်ခုခုကို တတ်မြောက်ထားရင်လည်း ပိုကောင်းပါတယ်။ 

လျှောက်လွှာကို နိုဝင်ဘာလ ၆ ရက်နေ့ကစပြီး ခေါ်ပါတယ်။

လျှောက်လွှာ ပိတ်ရက်ကတော့ နိုဝင်ဘာ ၁၉ ရက်လို့ သိရတယ်။ 

အသေးစိတ်ကို  -

https://www.unicef.org/about/employ/?job=508673 မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

E-01