News

POST TYPE

EDITOR PICK POST

GPS စနစ် တပ်ဆင်ခြင်းမရှိသည့် YBS ယာဉ်ကို ရာသက်ပန် ပြေးဆွဲခွင့် ပိတ်မည်
11-Nov-2017 tagged as YBS YRTA GPS


ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS  ယာဉ်များအားလုံး GPS စနစ် တပ်ဆင်ခြင်း ရှိ၊ မရှိ နိုဝင်ဘာလအတွင်း စစ်ဆေးမည်ဖြစ်ပြီး တပ်ဆင်ထားခြင်း မရှိသည့်ယာဉ်လိုင်းကို ရာသက်ပန် ပြေးဆွဲခွင့် ပိတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။

“ယာဉ်လိုင်းတွေကို စည်းကမ်းချက်တွေ အသိပေး ထုတ်ပြန်ထားတယ်။ ယာဉ်တွေကို အခုရက်ပိုင်းထဲမှာ စစ်ဆေးရေးအဖွဲ့နဲ့ စစ်မယ်။ မလိုက်နာတဲ့ယာဉ်လိုင်းကို ပြေးဆွဲခွင့် ပိတ်မယ်”ဟု YRTA  အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

YBS ယာဉ်လိုင်းများအနေနှင့် အောက်တိုဘာလ ၁၅ ရက်အပြီး GPS စနစ် တပ်ဆင်ခိုင်းခဲ့ပြီး ယာဉ်တွင် အဲကွန်းနှင့် Cash Box များပါ တစ်ပါတည်း တပ်ဆင်စေခဲ့ပြီး အဆိုပါ စည်းကမ်းချက်များ လိုက်နားခြင်း ရှိ၊ မရှိ YRTA ၏ စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံရမည် ယာဉ်လိုင်းများ ရှိနေသော်လည်း စစ်ဆေးချိန်တွင် အဆိုပါ ယာဉ်များကို ချန်လှပ်မထားဘဲ GPS စနစ် တပ်ဆင်ထားခြင်း မရှိပါက အရေးယူမည်ဖြစ်ကြောင်း ဒေါက်တာ မောင်အောင်က ပြောကြားသည်။

“ယာဉ်အိုတွေ အပ်နှံရမှာက ယာဉ်လိုင်း တာဝန်ခံတွေရဲ့အပိုင်းပါ။ YBS ယာဉ်လိုင်းမှန်သမျှ GPS တပ်ကို တပ်ရမယ်။ မတပ်ရင် အရေးယူမယ်”ဟု ၎င်းက ဆိုသည်။

YBS ယာဉ်လိုင်း ငါးလိုင်းကို တာဝန်ယူပြေးဆွဲသည့် ခေတ်သစ် ငြိမ်းချမ်းရေး အများပိုင် ကုမ္ပဏီကို နိုဝင်ဘာလ ၈ ရက်က စည်းကမ်း ဖောက်ဖျက်ခြင်းနှင့် ဝန်ဆောင်မှု မကောင်းခြင်းကြောင့် စံပြအဖြစ် ပထမဆုံးအကြိမ် Bus Operator တာဝန်ကို ရပ်စဲလိုက်သည်။ 

“YBS ယာဉ်လိုင်းတွေ စည်းကမ်းမဲ့ မောင်းနှင်ခြင်းကို Bus Operator Center က တိုက်ရိုက် ထိန်းချုပ်မှာဖြစ်လို့ GPS စနစ် တပ်ဆင်ခိုင်းတာပါ”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူ ပို့ဆောင်ရေး YUPT ကုမ္ပဏီအနေနှင့် ယာဉ်လိုင်း နှစ်ဆယ်ကျော်ကို GPS စနစ်ကို တပ်ဆင်ထားပြီးဖြစ်သော်လည်း မီနီဘတ်စ် ယာဉ်လိုင်းဖြစ်သည့် YBS ၈၊ ၁၀၊ ၁၁၊ ၁၇၊ ၅၉၊ ၈၄ ယာဉ်လိုင်းတွင် အဲကွန်းများ တပ်ဆင်ထားခြင်း မရှိသေးကြောင်း အဆိုပါ ကုမ္ပဏီမန်နေဂျာ ဦးအေးသောင်းက ပြောကြားသည်။

လက်ရှိ YBS ယာဉ်လိုင်းများတွင် ငွေပုံးစနစ် တပ်ဆင်ထားသော်လည်း ယာဉ်အကူများ ကိုယ်တိုင် ယာဉ်စီးခ ကောက်ခံမှုများရှိနေပြီး YBS ၁၇ မီနီဘတ်စ် ယာဉ်လိုင်းမှာ ခေါင်းခန်းကြေး ကျပ် ၅၀ဝ ကောက်ခံမှုရှိကာ စစ်ဆေး အရေးယူနေသည်ဆိုသော်လည်း ယနေ့အထိ အဆိုပါဖြစ်စဉ်မှာ ပျောက်ကွယ်သွားခြင်း မရှိကြောင်း YBS ၁၇ ယာဉ်လိုင်းစီးနင်းသည့် ခရီးသည်များထံမှ သိရသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့်ယာဉ်လိုင်း ၉၂ လိုင်းကျော်ရှိပြီး ယာဉ်စီးရေ ၄၀ဝ၀ ကျော်ဖြင့် နေ့စဉ်ပြေးဆွဲလျက် ရှိကြောင်း YRTA ထံမှ သိရသည်။

J-06