News

POST TYPE

EDITOR PICK POST

ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားမည့် လုပ်အားပေး လူငယ်များအတွက် ကိုယ်အင်္ဂါ အာမခံထားမည်
08-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ခံရသည် ဘူးသီးတောင်၊ မောင်တောဒေသရှိ လုပ်အားပေးသွားမည့် လူငယ်များအတွက် ကိုယ်အင်္ဂါ ထိခိုက်မှု အာမခံ Global World ကုမ္ပဏီတွင် ထားရှိ ထားကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုး က ပြောကြားသည်။ 

“ဒီနေ့ သွားမယ့် လူငယ်တွေအတွက် သင်တန်းမှာ အာမခံထားဖို့ ဖောင်တွေ ဖြည့်နေပါပြီ၊ Global World ကုမ္ပဏီနဲ့ ချိတ်ဆက်ထားပါတယ်”ဟု ၎င်းကဆိုသည်။

လုပ်အားပေးသွားမည် လူငယ်များအတွက် Global World ကုမ္ပဏီတွင် ကိုယ်အင်္ဂါ ထိခိုက်မှု အာမခံအဖြစ် တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် အာမခံ ထားရှိသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“လူမှုရေးလုပ်ငန်းလုပ်ရင် ဖျားနာ ထိခိုက်ဒဏ်ရာ အနည်းအများပေါ် မူတည်ပြီးတော့ လျော်ကြေးကို အချိုးကျ လျော်ပေးမယ်။ မတော်တဆ အသက်သေဆုံးမှု ဖြစ်ခဲ့ရင်လည်း အာမခံကြေး ရမှာပေါ့။ ခြေကျိုး၊ လက်ကျိုး ဆရာဝန် မှတ်ချက်နဲ့ ထုတ်ပေးပါမယ်။ ကလေးတွေအတွက် အာမခံ လုပ်ထားတော့ ယုံကြည်မှု ရှိတာပေါ့”ဟု Global World ကုမ္ပဏီမှ ဒါရိုက်တာ ဦးစိုးဝင်းသန့်က ဆိုသည်။

ပထမအသုတ် သွားရောက်မည့် လူငယ်အယောက် ၄၀ အနက် လူငယ် ၈၃ ယောက်စာအတွက် ဦးစိုးဝင်းသန်း + မကွေး ဆေးတက္ကသိုလ် ပါမောက္ခ ဒေါ်သန်းသန်းနွယ်က ကိုယ်အင်္ဂါ အာမခံကြေး ကျပ် ၈၃,ဝ၀ဝ လှူဒါန်းထားကြောင်း ၎င်းက ပြောကြားသည်။

တစ်ဖွဲ့တွင် လူငယ်အယောက် ၄၀ နှုန်းဖြင့် အဖွဲ့ သုံးဖွဲ့ခွဲ၍ အခြေခံ စားသောက်ကုန်များကို ဝေမျှရင်း အိမ်ထောင်စုများ၏ အဓိက လိုအပ်ချက်များ၊ ယခင်ပြုလုပ်ခဲ့သည့် စီးပွားရေးလုပ်ငန်း အချက်အလက်များကို ကောက်ယူမည်ဖြစ်ကြောင်း UEHRD ဗဟိုလူငယ် ညှိနှိုင်းရေးအဖွဲ့မှ တာဝန်ခံ ကိုထက်ပိုင်စိုးက ပြောကြားသည်။

“အာမခံက လိုအပ်တယ်။ နိုင်ငံတော် အတိုင်ပင်ခံကလည်း ပြောတယ်။ လုံခြုံရေး အစီအမံက အပြည့်အဝတော့ မရနိုင်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး စီစဉ်ပေးတော့ ကောင်းပါတယ်။ တကယ်လည်း လိုအပ်ပါတယ်”ဟု ကိုထက်ပိုင်စိုးက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ကော်မတီမှ ပြည်သူ့အတွက် လူငယ် ရက် ၂၀ ဆောင်ပုဒ်နှင့်အညီ နိုဝင်ဘာလ ၉ ရက်မှစ၍ လူငယ်များ ရခိုင်ပြည်နယ်အတွင်းသို့ သွားရောက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက ပြောကြားသည်။ 

ပထမဦးဆုံးရက် ၂၀ အတွက် နိုဝင်ဘာလ ၉ ရက်မှစတင်ကာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသများကို သွားရောက်၍ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ၊ အချက်အလက် ကောက်ခံမှုများ ဒေသတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

J-18

  • VIA