News

POST TYPE

EDITOR PICK POST

ရခိုင်တွင် NVC ကတ်လျှောက်ရန် ကူညီနေသူများ ဆက်တိုက်အသတ်ခံရ၊ ၁၈ ဦးထိ ရောက်ရှိ
08-Nov-2017 tagged as ရခိုင်

ရန်ကုန်၊ နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်အတွင်း National Verification Card (NVC) များ လုပ်ဆောင်ပေးနေရာတွင် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နေသူများ ဆက်တိုက် အသတ်ခံနေရပြီး သုံးလအတွင်း အသတ်ခံရသူ ၁၈ ဦးအထိ ရှိပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားသည်။

နိုဝင်ဘာ ၅ ရက်နေ့က ဘူးသီးတောင်၊ မောင်တောဒေသ၌ NVC (နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား) ကတ်ပြုလုပ်ရာတွင် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ပေးသည့် ရွာသူကြီး တစ်ဦး ထပ်မံ သတ်ဖြတ်ခံရသော်လည်း တရားခံကို လက်ရှိ ဖမ်းမိခြင်းမရှိသေးကြောင်း ၎င်းကပြောဆိုသည်။

“ဟုတ်တယ်၊ မှန်ပါတယ်။ ARSA အဖွဲ့ဝင်တဲ့သူတွေက လုပ်နေတယ်။ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်သူတွေကို ဖုန်းနဲ့တစ်မျိုး ခြိမ်းခြောက်နေတယ်။ ရွာသူကြီးတွေ၊ စာတိုက်မှူး စသဖြင့် ခုဆိုအသတ်ခံရတာ ၁၈ ယောက် ရှိနေပါပြီ၊ ပြီးခဲ့တဲ့ သုံးရက်ကဆို တစ်ယောက် ထပ်အသတ်ခံလိုက်ရတယ်”ဟု ၎င်းကရှင်းပြသည်။

ထို့အပြင် ဖုန်းဖြင့် ခြိမ်းခြောက်ခြင်းများ ရှိနေသောကြောင့် ဘူးသီးတောင်၊ မောင်တောဒေသရှိ ရွာသူကြီးများ၊ စာကြည့်တိုက်မှူးများသည် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း မရှိတော့ဘဲ ဒေသမှ ထွက်ပြေး တိမ်းရှောင်မှုများလည်း ရှိနေသည်ဟု ၎င်းက ပြောကြားသည်။

“တချို့က ဖုန်းနဲ့ လူ လွှတ်ခေါ်တယ် အဲဒီအချိန်မှာပဲ သတ်ခံလိုက်ရတယ်။ တချို့က ခြိမ်းခြောက်တော့ ထွက်ပြေးရင် အသတ်ခံလိုက်ရသလား၊ ရွာလည်း ပြန်မလာတော့ဘူး။ လူပါ ပျောက်သွားတာတွေလည်း ရှိတယ်”ဟု ၎င်းကဆိုသည်။

NVC ကတ်လုပ်ဆောင်ရာတွင် ခြိမ်းခြောက် နှောင့်ယှက်မှုများ လုပ်ဆောင်သူများကို အမှုဖွင့် အရေးယူထားမှုများ ပြုလုပ်နေကြောင်း ၎င်းကပြောကြားသည်။

“မိထားတဲ့ထဲမှာ အကြမ်းဖက်မှု ဖြစ်စဉ်မှာလည်း ပါတယ်။ NVC လုပ်လို့  ခြိမ်းခြောက်တာတွေလည်း ပါနေတယ်။ ရောနေတယ်။ သတ်ဖြတ်တာတွေလည်း ပါနေတယ်။ မိထားတာ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှာ လူစာရင်း အတိအကျ ရှိလိမ့်မယ်။ ကျွန်တော်က အတိအကျတော့ မသိဘူး”ဟု ၎င်းကရှင်းပြသည်။

National Verififi cation Card (NVC) ယခင် ထုတ်ပေးရာတွင် တစ်နေ့ကို  ၁၀  ဦးခန့်သာ လာရောက်ထုတ်ယူခဲ့ပြီး အောက်တိုဘာလ ၂၈ ရက် နောက်ပိုင်းမှ တစ်နေ့ကို NVC ကတ် ၇၀ နှင့် ၁၀ဝ ကြားထုတ်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် ရွှေဇား အနောက်ရွာရှိ လူ တစ်ဦးကို အကြမ်းဖက် ဥပဒေပုဒ်မများနှင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

National Verififi cation Card (NVC) များ လုပ်ဆောင်ပေးရာတွင် အစ္စလာမ်ဘာသာဝင်များလည်း အလွယ်တကူ လုပ်ဆောင်နိုင်ရန်အတွက် နိုဝင်ဘာ ၇ ရက်တွင် ရွှေဇားကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် ရွှေဇားကျေးရွာအုပ်စု စေတီပြင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တို့တွင် နှစ်နေရာခွဲ၍ လုပ်ဆောင်ပေးနေကြောင်း ၎င်းကပြောသည်။

J-18