News

POST TYPE

EDITOR PICK POST

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းများ ရပ်ဆိုင်းထားရန် ရခိုင့်သယံဇာတအဖွဲ့ တောင်းဆို

ကျောက်ဖြူ၊ နိုဝင်ဘာ ၂

ရခိုင်ပြည်နယ်တွင်  ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူစာချုပ် မချုပ်ရသေးသည့်အချိန်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်နေသည့် လုပ်ငန်းများနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် လုပ်ငန်းများကို ရပ်ဆိုင်းထားရန် ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က သဘောထား ထုတ်ပြန်တောင်းဆိုသည်။ 

နိုဝင်ဘာလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ယင်းကြေညာချက်တွင် လက်ရှိ မတည်ငြိမ်သည့် ရခိုင်ပြည်နယ်၏ အခြေအနေနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူစာချုပ် မချုပ်ရသေးသည့်အချိန်တွင် ရပ်ဆိုင်းထားရန် တောင်းဆိုခြင်းဖြစ်ကြောင်း ရခိုင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ညိုအေးက ပြောကြားသည်။ 

“ရခိုင်ပြည် တည်ငြိမ်အေးချမ်းမှု မရှိသေးတဲ့အချိန် လုပ်နေဆဲဖြစ်တဲ့ သယံဇာတနဲ့ဆိုင်တဲ့လုပ်ငန်းတွေ၊ နောက် SEZ နဲ့ဆိုင်တဲ့ကိစ္စတွေကို အားလုံး ပွင့်လင်းမြင်သာအောင် ချပြဖို့နဲ့ ရေနံ တူးဖော်ရေး လုပ်ငန်းတွေဖြစ်တဲ့ တူးဖော်ဆဲ လုပ်ငန်းတွေနဲ့ တွေ့ရှိထားတဲ့ လုပ်ကွက်တွေကိုပါ ရပ်ထားဖို့အတွက် တောင်းဆိုတာဖြစ်တယ်”ဟု ပြောသည်။ 

ယင်းအပြင် ရခိုင်ပြည်နယ်ရှိ ကျေးလက်မြို့ပြမကျန် (ရခိုင်တစ်ပြည်နယ်လုံး) ပြည်မဈေးနှုန်းနှင့်တစ်ပြေးညီ လျှပ်စစ်မီး ၂၄ နာရီရရှိရေးနှင့် ရခိုင့်သယံဇာတသည် ရခိုင့်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်လာစေရန် ရခိုင်ပြည်သူ လူထုရွေးချယ်သော ရခိုင်ပြည်နယ် အစိုးရက တိုက်ရိုက် ကိုယ်တိုင် စီမံပိုင်ခွင့်နှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိစေရန်လည်း တောင်းဆိုထားသည်။ 

DMG News Agency