News

POST TYPE

EDITOR PICK POST

YBS (၂၁)နှင့် ဒိုင်နာ မျက်နှာချင်းဆိုင် ဝင်တိုက်၊ နှစ်ဦး သေဆုံး
02-Nov-2017 tagged as YBS

ရန်ကုန်၊ နိုဝင်ဘာ ၂ 

ထန်းတပင်မြို့နယ်၊ အနောက်ပိုင်း တက္ကသိုလ်အနီးတွင် အောက်တိုဘာလ ၂ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်က YBS အမှတ်(၂၁)ယာဉ်နှင့် ဒိုင်နာယာဉ်တို့ မျက်နှာချင်းဆိုင် ဝင်တိုက်ရာ ဒိုင်နာ ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ထန်းတပင်မြို့နယ်ဘက်မှ လှိုင်သာယာဘက်သို့ အနောက်ပိုင်း တက္ကသိုလ်လမ်းမကြီးအတိုင်း မောင်းနှင်လာသော ဒိုင်နာအဖြူရောင်ယာဉ်သည် တက္ကသိုလ်အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ လှိုင်သာယာဘက်မှ အနောက်ပိုင်းတက္ကသိုလ်ထဲသို့ မောင်းနှင်လာသည့် YBS အမှတ် (၂၁) ယာဉ်ကို မျက်နှာချင်းဆိုင် ဝင်တိုက်ရာ ဒိုင်နာယာဉ်ပေါ်ပါ အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာ ရရှိပြီး အင်းစိန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

“ဒိုင်နာယာဉ်က YBS အမှတ်(၂၁) ယာဉ်ကို ဝင်တိုက်ပြီးတော့ လမ်းချောက်ထဲ ထိုးကျသွားတာ၊ ဒိုင်နာယာဉ်ခေါင်းခန်းမှာပါတဲ့ အမျိုးသား သုံးယောက်က မနည်း ဆွဲထုတ်ရတယ်၊ မီးသတ်တပ်ဖွဲ့ တွေကလည်း အချိန်မီလာရောက် ကယ်ထုတ်ပေးတယ်၊ အားလုံး ဒဏ်ရာရတဲ့သူတွေက ၉ ဦးရှိတယ်၊ ပြင်းထန်ဒဏ်ရာ ရတာကတော့ ဒိုင်နာယာဉ် ခေါင်းခန်းထဲမှ လိုက်လာတဲ့သူတွေပါ၊ အဲဒီအထဲကမှ နှစ်ယောက် သေသွားတာ”ဟု ထန်းတပင်မြို့နယ် ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းယာဉ်တိုက်မှု ဖြစ်သည့် နေရာသို့ လှိုင်သာယာ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ အင်းစိန်မြို့နယ် မီးသတ်စခန်းမှ အသက်ကယ်ယာဉ် ၁ စီးနှင့် လူနာတင်ယာဉ် ၁ စီး၊ ထန်းတပင် မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီးတို့ဖြင့် ကူညီကယ်ဆယ်မှုများ ပြုလုပ်နေပြီး ယာဉ်မဆင်မခြင် မောင်းနှင်သူကို အမှုဖွင့် အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

J-16