News

POST TYPE

EDITOR PICK POST

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် လက်ခံရေးစခန်းများ စဆောက်
ရန်ကုန်၊ အောက်တိုဘာ ၃၀

အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်နေသည့် ဒုက္ခသည်များကို ပြန်လည် လက်ခံမည့် ဒုက္ခသည်စခန်းများကို ယခုရက်ပိုင်း၌ စတင် ဆောက်လုပ်နေပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားသည်။   

ငါးခူရ (ရေလမ်း) ဒုက္ခသည်လက်ခံရေးစခန်းကို အသစ် ဆောက်လုပ်လျက်ရှိပြီး တောင်ပြိုလက်ဝဲ (ကုန်းလမ်း) ရှိ ယခင်လက်ခံရေးစခန်းကို ပြန်လည် ပြုပြင်လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“စခန်းတွေက လူ ၅၀ဝ လောက် ဆံ့တယ်။ ဒုက္ခသည်တွေကို နိုဝင်ဘာလ ၄ ရက် ပြန်လက်ခံမယ်ဆိုတာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနကို လက်ခံရေးဖောင်တွေ ပို့ထားတုန်း။ လက်ရှိတော့ မသေချာသေးဘူး”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် လက်ခံရေးစခန်းများမှ ဒုက္ခသည်များကို စိစစ်ပြီး ယာယီထားရန် မောင်တောမြို့တွင် ရွက်ဖျင်တဲ ၃၀ဝ ကို စီစဉ်ထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။

အဆိုပါကန့်တွင် ယာယီထားပြီးမှ ၎င်းတို့ နေထိုင်သည့် မူလ ကျေးရွာများတွင် ပြန်လည် နေရာချထားပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် ဒုက္ခသည်များကို ၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းထားသည့် လဝကဥပဒေနှင့်အညီ ပြန်လည် လက်ခံသွားမည် ဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုအပြီး ရိုဟင်ဂျာ ငါးသိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့သည်ဟု ကုလသမဂ္ဂရုံးက ထုတ်ပြန်ထားသည်။

J-18