News

POST TYPE

EDITOR PICK POST

YBS နှင့် CCTV ထိန်းချုပ်စနစ်
30-Oct-2017 tagged as CCTV YBS

“ပြစ်ဒဏ်တွေက ဒဏ်ငွေ ကျပ်သုံးသောင်းကနေ ငါးသိန်းအထိ ရိုက်နိုင်တယ်”
ဦးမောင်မောင်လွင် (ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး (YUPT)၊ အုပ်ချုပ်မှုဒါရိုက်တာ)

YUPT ကုမ္ပဏီက YBS ယာဉ်လိုင်း ၂၁ လိုင်းကို တာဝန်ယူ အုပ်ချုပ်ပါတယ်။ ယာဉ်လိုင်းတွေကို YRTA အဖွဲ့ကမဟုတ်တဲ့ သီးသန့် Control Center ကနေ ထိန်းချုပ်ပါတယ်။ ဒါကြောင့် ယာဉ်တွေကို CCTV တပ်တယ်။ ဘယ်လိုပြဿနာမဆို YRTA က စစ်ဆေးတာအပြင် ကျွန်တော်တို့က ပြန်စစ်ပါတယ်။ CCTV ကို အရင် YBS ၇ ယာဉ်လိုင်းမှာ အရင်တပ်တယ်။ နောက် YBS ၃၆ မှာ တပ်ထားတယ်။ စည်းကမ်း ချိုးဖောက်တဲ့ ယာဉ်လုပ်သားတွေကို စည်းကမ်းချက် ၁၃၈ ချက်ထဲကအတိုင်း အရေးယူပါတယ်။ တချို့ပြစ်ဒဏ်တွေက မော်တော်ယာဉ် ဥပဒေနဲ့ အရေးယူလို့ မရတာတွေရှိတယ်။ ဥပမာ - ဂိတ်စ ဂိတ်ဆုံး မမောင်းတာမျိုးတွေပါ။ ၁၃၈ ချက်ရဲ့ ပြစ်ဒဏ်တွေက ဒဏ်ငွေ ကျပ်သုံးသောင်းကနေ ငါးသိန်းအထိ ရိုက်နိုင်တယ်။

“ဖုန်းထဲမှာ အင်တာနက်လိုင်းဖွင့်ပြီး ကားအားလုံးကို ပထမဆုံးအနေနဲ့ ဖုန်းကနေတစ်ဆင့် ထိန်းချုပ်ထားနိုင်ပြီ”
ဦးစည်သူအေး (YBS ၃၇ ယာဉ်လိုင်းပိုင်ရှင်)

YBS ၃၇ ယာဉ်လိုင်းက ယာဉ် ၃၇ စီးမှာ CCTV တွေ တပ်ဆင်ထားပြီး ခရီးသည်တွေ အဆင်ပြေပြေ သွားလာနိုင်ဖို့အတွက် ယာဉ်မောင်းတွေကို Server ကနေတစ်ဆင့် ထိန်းချုပ်ထားတဲ့ပုံစံမျိုးပါ။ CCTV တပ်ဆင်ထားတဲ့အတွက် ခရီးသည်တွေဆီကနေ ယာဉ်စီးခတွေ ကောက်ခံနေလား၊ ငွေကြေး အလွဲသုံးစား လုပ်မှုတွေ ရှိနေလား ဆိုတာရယ်။ ယာဉ်မောင်းဟာ သတ်မှတ်လမ်းကြောင်းအတိုင်းမှာ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်နေရဲ့လား ဆိုတာတွေကို ကြည့်ရှုပြီး အရေးယူနိုင်ဖို့အတွက် တပ်ဆင်ထားတာပါ။ အခုလို CCTV တပ်ဆင်ထားတဲ့အတွက် ကိုယ့်မှာ ဖုန်းထဲမှာ အင်တာနက်လိုင်းဖွင့်ပြီး ကားအားလုံးကို ပထမဆုံးအနေနဲ့ ဖုန်းကနေတစ်ဆင့် ထိန်းချုပ်ထားနိုင်ပြီ။ စည်းကမ်း ဖောက်ဖျက်တဲ့ ယာဉ်တွေဆို ဖုန်းဆက်ပြီး လှမ်းသတိပေးတာမျိုး လုပ်နေတယ်။ မလိုက်နာတဲ့ ယာဉ်မောင်းတွေဆို အရေးယူတာမျိုးတွေ လုပ်သွားဖို့ ရှိပါတယ်။ နောက်တစ်ခုက CCTV တပ်ဆင်ထားတဲ့အတွက် ကားပေါ်မှာ ခါးပိုက်နှိုက် ပါလာခဲ့မယ်ဆိုရင်တောင် မလုပ်ရဲတော့ဘူးပေါ့။ အခု ကျွန်တော်တို့ ယာဉ်လိုင်းကစပြီး CCTV တွေကို တပ်ဆင်ထားပါပြီ။ နောက်ဆို YBS ယာဉ် လိုင်းအားလုံးမှာ CCTV တွေ တပ်ဆင်သွားဖို့ရှိပါတယ်။

“အရင်တုန်းကလို လူမပြည့်လို့ ခရီးဆုံးတဲ့အထိ မသွားတာမျိုးတွေ မရှိတော့ဘူးပေါ့”
ကိုအောင်ဇေ (ခရီးသည်)

လက်ရှိ ကျွန်တော်စီးနေတဲ့ ယာဉ်လိုင်းမှာတော့ CCTV တပ်ထားတာမျိုး ရှိတယ်။ အဲလို တပ်ထားတာကတော့ အဓိက က ယာဉ်မောင်းတွေကို စည်းကမ်း လိုက်နာအောင်၊ စည်းကမ်း ဖောက်ဖျက်ရင် အရေးယူ ထိန်းသိမ်းလို့ရအောင် တပ်ဆင်ထားတယ်လို့ သိထားပါတယ်။ ဒီလို CCTV တပ်ဆင်ထားတဲ့အတွက် ကျွန်တော်တို့ ခရီးသည်တွေအတွက်လည်း ကောင်းပါတယ်။ အရင်တုန်းကလို လူမပြည့်လို့ ခရီးဆုံးတဲ့အထိ မသွားတာမျိုးတွေ မရှိတော့ဘူးပေါ့။ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ ယာဉ်မောင်းတွေကို ထိန်းချုပ်ထားတဲ့အတွက် ကျွန်တော်တို့လည်း အရင်ကထက်စာရင် ပိုပြီး Safe ဖြစ်တာပေါ့။ လက်ရှိမှာ CCTV တပ်ထားတဲ့ကားတွေဆို ကျွန်တော် စီးတဲ့ YBS ၂၀ တို့၊ YBS ၃၀ တို့မှာ တပ်ထားတာတွေ့သလို CCTV မတပ်ဆင်ထားတဲ့ ယာဉ်လိုင်းတွေကတော့ တစ်စီးနဲ့တစ်စီး ပြိုင်မောင်းတာတို့၊ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတာတွေက ရှိနေတဲ့အတွက် YBS ယာဉ်တိုင်းမှာ CCTV တွေတပ်ဆင်ပြီး စည်းကမ်းဖောက်တဲ့ ယာဉ်မောင်းတွေကို အရေးယူတာမျိုးတွေ လုပ်ပေးရင် ပိုကောင်းမယ် ထင်ပါတယ်။

ခိုင်ချယ်ရီထွန်း