News

POST TYPE

EDITOR PICK POST

တစ်ရက်လျှင် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ၁၅၀ ကို စိစစ် လက်ခံမည်
ရန်ကုန်၊ အောက်တိုဘာ ၂၅

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်နေသူများ လက်ခံရာတွင် တစ်ရက်လျှင် ဒုက္ခသည် ၁၅၀ ကို စိစစ် လက်ခံမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

“အရင်တုန်းက အတွေ့အကြုံရှိတဲ့သူတွေ လဝကဘက်ကလည်း တင်ပြထားတဲ့ စိစစ်ရမယ့် အခြေအနေနဲ့ဆို တစ်နေ့ကို ၁၅၀ လောက် ဖြစ်နိုင်တယ် တင်ပြထားပါတယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသို့ ပြန်လာလိုသူများသည် တောင်ပြိုလက်ဝဲ (ကုန်းလမ်း)၊ ငါးခူရ (ရေလမ်း) လမ်းကြောင်းများမှ ဝင်ရောက်ရမည်ဖြစ်ပြီး ပြန်လည် လက်ခံရေးစခန်းများတွင် ယာယီ ထားရှိကာ စိစစ်ခြင်းနှင့် လက်ခံခြင်းများကို ဆောင်ရွက်ပြီးနောက် နေထိုင်ခဲ့သည်ဆိုသော မူလကျေးရွာများတွင် နေရာချထားရန် စီစဉ်ထားသည်။

ပြန်လည် လက်ခံရေး စခန်းများတွင် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ဖူးသူ ဟုတ်၊ မဟုတ် စိစစ်မှုလုပ်ငန်းစဉ်များ ပြုလုပ်ရမည် ဖြစ်သောကြောင့် တစ်နေ့လျှင် လူ ၁၅၀ ခန့်သာ စိစစ်နိုင်မည်ဟု  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက တင်ပြထားကြောင်း ဝန်ကြီးကပြောသည်။ 

ကုလသမဂ္ဂ ထုတ်ပြန်ချက်တွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်သူ ငါးသိန်းခန့်ရှိသည်ဟု ထုတ်ပြန် ကြေညာထားသည်။

ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် ဒုက္ခသည်များကို ၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းထားသည့် လဝက ဥပဒေအရ ပြန်လည် လက်ခံရာတွင် မြန်မာနိုင်ငံမှ ထုတ်ပေးထားသည့် အသိအမှတ်ပြုကတ် မိတ္တူ ပူးတွဲတင်ပြရမည့်အပြင်လူမျိုး၊ ဘာသာ၊ အလုပ်အကိုင်၊ ဇနီး၊ ခင်ပွန်းအမည်၊ နေရပ် လိပ်စာ၊ အိမ်ထောင်စုဝင် စာရင်းများပါ ဖောင်ကို ဖြည့်စွက်ရမည်ဖြစ်သည်။ ၎င်းသည် မည်သူတစ်ဦးတစ်ယောက်၏ ခြိမ်းခြောက်မှုမပါဘဲ မိမိဆန္ဒအရ ဖြည့်စွက်ခြင်းဖြစ်ကြောင်း အာမခံချက်နှင့်အတူ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ခွင့်ရပါက မြန်မာနိုင်ငံတည်ဆဲ ဥပဒေကို လေးစားလိုက်နာမည်ဆိုသော ဝန်ခံကတိပြုချက်များဖြင့် စိစစ်လက်ခံမည် ဖြစ်သည်။

အောက်တိုဘာလ ၂၄ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံတွင် အခြေချနေထိုင်ခဲ့ဖူးသူများကို ပြန်လည် ခေါ်ယူရေးနှင့် နယ်စပ် ဆက်ဆံရေးရုံးများ ဖွင့်လှစ်၍ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးများ တွေ့ဆုံ၍ အချက် (၁၀) ချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

J-18