News

POST TYPE

EDITOR PICK POST

AGTI ပထမနှစ် သင်တန်းဝင်ခွင့်လျှောက်လွှာများ ယနေ့ထုတ်ယူနိုင်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၈

၁၇ နှစ်ကြာ ပိတ်ထားပြီး ယခုနှစ်မှ ပြန်လည်ဖွင့်လှစ်မည့် သမိုင်းဝင် အင်းစိန် GTI အပါအဝင် အစိုးရ စက်မှုလက်မှုသိပ္ပံနှင့် အစိုးရ နည်းပညာကောလိပ် ၂၅ ကျောင်း၏ AGTI ပထမနှစ် သင်တန်းဝင်ခွင့် လျှောက်လွှာများ ယနေ့ စတင် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ သိရှိရသည်။

အစိုးရနည်းပညာကောလိပ် မိုးညှင်း၊ မြင်းခြံ၊ ရွှေဘိုနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံ ပူတာအို၊ ဟားခါး၊ မော်လမြိုင်၊ သံတွဲ၊ ကျောက်ဖြူ၊ ရွှေပြည်သာ၊ အင်းစိန်၊ မန္တလေး၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ကန့်ဘလူ၊ ခန္တီး၊ ဂန့်ဂေါ၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး၊ လက်ပံတန်း၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ် ကျောင်းများတွင် ဝင်ခွင့်လျှောက်လွှာများ ထုတ်ယူ နိုင်မည်ဖြစ်သည်။

မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်နစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ သုတနည်းပညာနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံ၊ စက်မှုလုပ်ငန်း အင်ဂျင်နီယာ သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းတစ်ကျောင်းနှင့် တစ်ကျောင်း ဖွင့်လှစ်မည့်သင်တန်း ဘာသာရပ် တူညီမှုမရှိကြောင်း ယင်းဌာနထံမှ သိရသည်။

သင်တန်းဝင်ခွင့် လျှောက်လွှာများကို နိုဝင်ဘာလ ၁၁ ရက် နောက်ဆုံးထား၍ မိမိတို့ လျှောက်ထားမည့် ကျောင်းများသို့ ပြန်လည် တင်သွင်းရမည်ဖြစ်သည်။ သင်တန်းကာလ ၃ နှစ်ကြာမည်ဖြစ်ပြီး ယင်းသင်တန်းပြီးလျှင် ဒီပလိုမာ အောင်လက်မှတ် ပေးမည်ဖြစ်ကာ အရည်အချင်း ပြည့်မီပါက နည်းပညာတက္ကသိုလ်များ၏ တတိယနှစ် သင်တန်းများကို ပေါင်းကူး တက်ရောက်နိုင်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများတွင် ကွင်းဆင်း ဆောင်ရွက်နိုင်သူ၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် သင်္ချာ၊ ရူပ ဗေဒ၊ ဓာတုဗေဒ ဘာသာတွဲများ ပါဝင်သော မည်သည့် ဘာသာတွဲများဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်မည်ဖြစ်သည်။ 

သို့သော် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်ရရှိခဲ့သည့် အင်္ဂလိပ်စာနှင့် သင်္ချာ စုစုပေါင်း ရမှတ်အပေါ် မူတည်၍ ရွေးချယ်မည်ဖြစ်ပြီး အစိုးရနည်းပညာ အထက်တန်းကျောင်းမှ အောင်မြင်ပြီးသူများကိုလည်း စိစစ်လက်ခံမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။ 

ကျောင်းတစ်ကျောင်းချင်း ကျောင်းသားဦးရေ မည်မျှလက်ခံမည်ကိုမူ ကျောင်းအခြေအနေအလိုက် ကျောင်းအုပ်ချုပ်သူများက ဆုံးဖြတ်သောကြောင့် တစ်နိုင်ငံလုံး လက်ခံနိုင်မည့်စာရင်းကို ရုတ်တရက် အတိအကျ မပြောနိုင်ကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပြောကြားသည်။ 

သမိုင်းဝင် အင်းစိန် GTI ကျောင်းတွင်မူ ကျောင်းသား၊ ကျောင်းသူ ၂၀ဝ လက်ခံမည်ဖြစ်သည်။ ကျောင်း ပြန်လည် ဖွင့်လှစ်ရေးနှင့် အဆင့်မြှင့်တင်ရေး အစိုးရက ကျပ် ၃ ဒသမ ၅ ဘီလီယံ သုံးစွဲမည်ဖြစ်ပြီး ဂျာမနီအစိုးရက နည်းပညာနှင့် ငွေကြေး (မည်မျှ ပါဝင်မည်ကို မပြော) ပူးပေါင်းပါဝင်ကူညီကြောင်း ဇွန်လအတွင်းက ပြောကြားထားသည်။ 

အစိုးရ စက်မှုလက်မှုသိပ္ပံ ကျောက်ဖြူတွင်မူ သင်တန်းတစ်ခုစီတွင် သင်တန်းသား ၅၀ ဦးစီ လက်ခံမည်ဖြစ်ပြီး နယ်မြေဒေသ ကန့်သတ်ချက်မရှိဘဲ မိမိနှင့်အဆင်ပြေမည့် ကောလိပ်၊ ကျောင်းများတွင် လျှောက်ထားနိုင်ကြောင်း အဆိုပါကျောင်း ကျောင်းအုပ်ဦးတင်ဝင်းက ပြောကြားသည်။

လျှောက်ထားရာတွင် တက္ကသိုလ် ဝင်တန်းရမှတ် သတ်မှတ်ထားခြင်း မရှိသော်လည်း အင်္ဂလိပ်စာနှင့် သင်္ချာရမှတ်ပေါင်းကို တန်းစီ၍ အမှတ် အများဆုံး ကျောင်းသား၊ ကျောင်းသူများကို တန်းစီဇယားအတိုင်း လက်ခံခြင်းဖြစ်သဖြင့် တစ်နှစ်နှင့်တစ်နှစ် တက်ရောက်သည့် သင်တန်းသားများ၏ အမှတ်များမှာ တူညီမှုမရှိကြောင်း ၎င်းက ပြောကြားသည်။

ကျောင်းသားများအတွက် ထောက်ပံ့ကြေး သုံးသောင်းကို လွန်ခဲ့သည့်သုံးနှစ် ကျောင်းစဖွင့်သည့်နှစ်ကပင် စတင်ပေးခဲ့ကြောင်း၊ သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်များကို ကျောင်းများတွင် စုံစမ်းနိုင်မည်ဖြစ်ကြောင်း ကျောက်ဖြူ စက်မှု၊ လက်မှု သိပ္ပံကျောင်းအုပ် ဦးတင်ဝင်းက ပြောကြားသည်။

မြဇာခြည်သင်း