News

POST TYPE

EDITOR PICK POST

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး မြန်မာနိုင်ငံလာမည်
ရန်ကုန်၊ အောက်တိုဘာ ၁၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ရောက်ရှိသွားသော ဘင်္ဂါလီများ ပြန်လည် လက်ခံရေးကိစ္စရပ်များ ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလအတွင်း လာရောက်မည်ဖြစ်ကြောင်း အဆိုပါနိုင်ငံရှိ မီဒီယာများက ရေးသားထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့သို့ ဆက်သွယ် မေးမြန်းရာ အတိအကျ ဖြေဆိုခြင်း မရှိသော်လည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကမူ “ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး လာမယ်။ ပြန်လည် လက်ခံရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမယ်။ ဘယ်တော့လာမယ်ဆိုတာ မသိဘူး။ အမြန်ဆုံး လာမယ်ဆိုတာတော့ သိရတယ်”ဟု The Voice သို့ ပြောသည်။

ARSA အကြမ်းဖက်အဖွဲ့မှ အဆိုပါဒေသကို တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသော ဘင်္ဂါလီများကို စိစစ်လက်ခံရန် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ်ရှိ တောင်ပြိုလက်ဝဲ၊ ငါးခူရစသည့် ရွာများတွင် ယာယီစခန်း သုံးခုဖွင့်လှစ်ရန် စီစဉ်ထားကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ကြိုင်က ဆိုသည်။

ထို့အတူ ဘင်္ဂါလီများကို မြန်မာနိုင်ငံ အစိုးရအဖွဲ့မှ ပြန်လည် လက်ခံရေးနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ဆွေးနွေးရေး နိုင်ငံတော် အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂါလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို ARSA အကြမ်းဖက်အဖွဲ့များ ဩဂုတ်လ ၂၅ ရက်မှ စတင် တိုက်ခိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသော ဘင်္ဂါလီ ၇ သိန်းခန့်ရှိကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

သို့သော် မြန်မာနိုင်ငံအတွင်း၌ နေထိုင်ခဲ့ကြောင်း အထောက်အထား ပြသနိုင်သော ဘင်္ဂါလီများကိုသာ ပြန်လည်လက်ခံရန် စိစစ်လုပ်ဆောင်မည်ဖြစ်ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ကြိုင်က ပြောဆိုထားသည်။

J-07