News

POST TYPE

EDITOR PICK POST

YBS ၂၅ နှင့် ၃၀ တွင် တရုတ်ယာဉ်အသစ် ၄၁ စီး ထပ်တိုးပြေးဆွဲ
03-Oct-2017 tagged as ရန်ကုန် YBS


ရန်ကုန်၊ အောက်တိုဘာ ၃

YBS ယာဉ်လိုင်း ငါးလိုင်းကို တာဝန်ယူ ပြေးဆွဲနေသည့် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အများပိုင် ကုမ္ပဏီသည် အောက်တိုဘာလ ၂ ရက်က တရုတ်နိုင်ငံထုတ် ယာဉ်အသစ် ၄၁ စီးကို YBS ၂၅ နှင့် ၃၀ တွင် ထည့်သွင်း ပြေးဆွဲပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

“တရုတ်နိုင်ငံက ယာဉ်အသစ် ၂၁၄ စီးက စက်တင်ဘာ ၂၈ ရက်က သီလဝါဆိပ်ကမ်းကို ရောက်တယ်။ အဲကနေ အင်းတကော် တပ်ဆင်ရေးစက်ရုံမှာ YBS တံဆိပ်တပ်တာအစ လိုအပ်တာ ဆောင်ရွက်လို့ပြီးတဲ့ ၄၁ စီးကို အရင် ထည့်သွင်းထားတာပါ”ဟု ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အများပိုင် ကုမ္ပဏီ အထွေထွေ မန်နေဂျာ ဦးမြင့်ကြည်က ဆိုသည်။

YBS ၂၅ ယာဉ်လိုင်းတွင် လက်ရှိ ယာဉ် ၃၀ စီးရှိပြီး တရုတ်နိုင်ငံထုတ် ယာဉ်အသစ် ၂၀ စီး ထည့်သွင်းကာ ဒဂုံတက္ကသိုလ်၊ မင်းရဲကျော်စွာလမ်း၊ (၇၊ ၈)လမ်းဆုံ၊ ပြည်ထောင်စုလမ်း၊ တောင်မြောက်လမ်းဆုံ၊ ငမိုးရိပ်တံတား၊ သံသုမာလမ်း၊ ကြက်ဘဲဈေး၊ သမိန်ဗရမ်းလမ်း၊ ရွှေဗဟိုရ်၊ တာမွေ ဗလီ၊ ကျိုက္ကဆံလမ်း၊ ယုဇနပလာဇာ၊ မင်္ဂလာဈေးတို့ ပြေးဆွဲခြင်းဖြစ်သည်။

YBS ၃၀ ယာဉ်လိုင်းတွင် လက်ရှိ ယာဉ် ၆၀ စီးရှိပြီး တရုတ်နိုင်ငံထုတ် ယာဉ်အသစ် ၂၁ စီးကို ထည့်သွင်းကာ ဒဂုံတက္ကသိုလ်၊ ကျန်စစ်သားလမ်း၊ မင်းရဲကျော်စွာလမ်း၊ ပြည်ထောင်စုလမ်း၊ ဘေလီ၊ ပါရမီ၊ ညောင်ပင်၊ ကမ္ဘာအေးဘုရားလမ်း၊ ရှစ်မိုင် လမ်းဆုံ၊ လှည်းတန်း၊ ကြည့်မြင်တိုင်၊ သခင်မြ ပန်းခြံတို့ကို ပြေးဆွဲခြင်းဖြစ်သည်။

ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီပိုင် အင်းတကော် တပ်ဆင်ရေး စက်ရုံတွင် ကျန်ရှိနေသော ၁၇၃ စီးကို ကား အတွင်း၊ အပြင် စာတန်းများ တပ်ဆင်ခြင်း၊ YBS  စတစ်ကာများ ကပ်ခြင်း၊ အသံစနစ်များ၊ မီးစနစ်များ စစ်ဆေးခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး YBS ၁၂၊ ၁၄၊ ၂၈ ယာဉ်လိုင်းတွင် ထည့်သွင်းမည်ဖြစ်ကာ လက်ရှိယာဉ်လိုင်းတွင် ယာဉ် ၂၃၄ စီးဖြင့် ပြေးဆွဲလျက်ရှိကြောင်း ဦးမြင့်ကြည်က ပြောကြားသည်။

J-06