News

POST TYPE

EDITOR PICK POST

ကင်ဂျုံနမ် အသတ်ခံရမှုတွင် သံသယရှိသူ တရားခံ အမျိုးသမီးများက အပြစ်မရှိဟု လျှောက်လဲ

ကွာလာလမ်ပူ၊ အောက်တိုဘာ ၂

မြောက်ကိုရီးယား ခေါင်းဆောင်၏ အဖေတူ အမေကွဲအကို ကင်ဂျုံနမ်အား သတ်ဖြတ်မှုတွင် သံသယရှိသူ တရားခံ အမျိုးသမီး နှစ်ဦးကို မလေးရှား တရားရုံးတွင် စစ်ဆေးခဲ့ရာ အပြစ်မရှိကြောင်း လျှောက်လဲခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ကွာလာလမ်ပူ လေဆိပ်၌ လေယာဉ်စောင့်ဆိုင်းနေစဉ် ကင်ဂျုံနမ်အား VX အာရုံကြောအဆိပ် အသုံးပြု လုပ်ကြံသတ်ဖြတ်မှုသည် လွန်စွာ ရဲတင်းလွန်းသောကြောင့် ကမ္ဘာကို တုန်လှုပ်သွားစေခဲ့သည်။

ကင်ဂျုံနမ်၏ မျက်နှာကို အဆိပ်ဖြင့် ပက်ဖျန်းခဲ့သော ဗီယက်နမ်လူမျိုး ဒေါင်သီဟောင် ၂၉ နှစ်နှင့် အင်ဒိုနီးရှားလူမျိုး ဆီတီအစ္စယာ ၂၅ နှစ်တို့က သူမတို့သည် မြောက်ကိုရီးယား အေးဂျင့်များ၏ လှည့်စားမှုကို ခံခဲ့ရခြင်းဖြစ်ပြီး ရုပ်သံ အစီအစဉ်တစ်ခုဟု ထင်ခဲ့ကြကြောင်း ပြောကြားထားသည်။

အဆိုပါ လူသတ်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိဟု ပြုံယမ်းက ငြင်းဆိုနေသော်လည်း ထိုနေ့မှာပင် မလေးရှားမှ ထွက်ပြေးသွားကြသော သူလျှိုဟု ယုံကြည်ရသူ မြောက်ကိုရီးယား လေးဦး ပါဝင်ပတ်သက်နေသည်ဟု မလေးရှား အာဏာပိုင်များက ယူဆထားကြသည်။

ထိုဖြစ်ရပ်ကြောင့် မလေးရှားနှင့် မြောက်ကိုရီးယားအကြား သံတမန်ရေး တင်းမာခဲ့ပြီး သံအမတ်များကို အပြန်အလှန် နှင်ထုတ်ခဲ့ကြသည်။

လူသတ်မှုအပြီး ရှစ်လကြာ စုံစမ်းပြင်ဆင်ခဲ့ပြီးနောက် ထိုအမျိုးသမီး နှစ်ဦးကိုသာ တရားစွဲဆိုနိုင်ခဲ့သည်။ ရုံးထုတ်လာသော တရားခံနှစ်ဦးကို ကျည်ကာ အင်္ကျီများ ဝတ်ဆင်ပေးထားပြီး တရားရုံးတွင် သူမတို့က အပြစ်မရှိကြောင်း စကားပြန်များမှတစ်ဆင့် လျှောက်လဲခဲ့ကြသည်။ 

တရားခံနှစ်ဦးသည် အပြစ်ထင်ရှားပါက သေဒဏ်ချမှတ်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ သူမတို့၏ ရှေ့နေကမူ တကယ်အပြစ်ရှိသူမှာ မလေးရှားမှ ထွက်ပြေးသွားသော မြောက်ကိုရီးယား သူလျှိုများသာ ဖြစ်သည်ဟု ချေပ လျှောက်လဲခဲ့သည်။

အစိုးရရှေ့နေကမူ တရားခံ အမျိုးသမီး နှစ်ဦးသည် ကင်ဂျုံနမ်အား သတ်ဖြတ်ရန် မြောက်ကိုရီးယား လေးဦးနှင့်အတူ ကြံစည်ခဲ့ကြောင်းကို သက်သေပြရန် ရည်ရွယ်ထားကြောင်း ပြောကြားသည်။

မလေးရှားအစိုးရ ရှေ့နေများက တနင်္လာနေ့က စွဲချက်တင်သောစာရင်းတွင် မလေးရှားမှ ထွက်ပြေးသွားသော မြောက်ကိုရီးယား လေးဦး၏ အမည်များကိုပါ ထည့်သွင်းထားသည်။

သို့ရာတွင် မတ်လအတွင်းက မလေးရှားသံတမန် ကိုးဦးနှင့် မိသားစုဝင်များကို ပြုံယမ်းက ပြန်လွှတ်ပေးစေရန်အတွက် လူသတ်မှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသော မြောက်ကိုရီးယား သုံးဦးကို မလေးရှားမှ ထွက်ခွာရန် အာဏာပိုင်များက ခွင့်ပြုခဲ့ရသည်။

F-04