News

POST TYPE

EDITOR PICK POST

မှတ်တိုင်များတွင် အကြွေလဲ လှုပ်ရှားမှု စတင်
02-Oct-2017 tagged as ရန်ကုန် YBS

ရန်ကုန်၊ အောက်တိုဘာ ၂

YBS ယာဉ်လိုင်းများ စီးနင်းသည့် ခရီးသွားပြည်သူများ အကြွေ အခက်အခဲ အဆင်ပြေစေရန် Care Teen ပရဟိတ အဖွဲ့က အောက်တိုဘာလ ၂ ရက်ကစပြီး တစ်ပတ်လျှင် သုံးရက်ဖြင့် မှတ်တိုင်တစ်ခုတွင် ကျပ်သုံးသိန်းဖိုး အကြွေလဲလှယ်ပေးကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

“ခရီးသည်တွေ အပါအဝင် ကျွန်တော်တို့ ကျောင်းသားတွေပါ အကြွေ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့အတွက် ရှိတဲ့ ရန်ပုံငွေနဲ့ ဒီနေ့ မှတ်တိုင်ခုနစ်ခုမှာ စပြီး အကြွေ လဲပေးတာပါ”ဟု ဃမေန Care Teen ပရဟိတ အဖွဲ့တည်ထောင်သူ ကိုရဲရဲဦးကဆိုသည်။

YBS ယာဉ်စီးခ အကြွေများကို မှတ်တိုင်တစ်ခုတွင် အဖွဲ့ဝင် ငါးဦးဖြင့် အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့၌ Sule Square၊ မော်တင်၊ လမ်း ၅၀၊ လှည်းတန်း (ဦးထွန်းလင်းခြံလမ်း) ၊ တာမွေဈေးဗလီ၊ ကြည့်မြင်တိုင်ညဈေး၊ သမိုင်းလမ်းဆုံမှတ်တိုင်များတွင် လဲလှယ် ပေးပြီး တစ်မှတ်တိုင်လျှင် ကျပ်သုံးသိန်း လဲပေးကာ တစ်ဦးလျှင် ကျပ်နှစ်ထောင်ဖိုး လဲခွင့်ရှိမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“အဖွဲ့ဝင်တွေက Care Teen Shirt လေးတွေ ဝတ်ထားပါတယ်။ မနက် ၇ နာရီခွဲဆိုတာနဲ့ အကြွေ လဲပေးနေပါပြီ။ YUPT ကုမ္ပဏီနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်တာဖြစ်တယ်။ တစ်ပတ်အတွင်း အောင်မြင်ရင် အကြွေလဲဖို့ ငွေပါထုတ်ပေးမယ် ပြောပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ငွေအကြွေ လဲပေးခြင်းကို ဒီဇင်ဘာလအထိ ဆောင်ရွက်ပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် မှတ်တိုင် ဆယ်ခုတွင် တစ်ရက်ကို ကျပ်ငါးသိန်း၊ ခြောက်သိန်းအထိ လဲလှယ်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ကတ်စနစ် အကောင်အထည် မဖော်ခင်အထိပေါ့။ ဇန်နဝါရီလလောက်အထိ မဆောင်ရွက်နိုင်သေးဘူးဆိုရင်တော့ ဒီထက်ကောင်းတဲ့ အစီအစဉ်တစ်ခုနဲ့ ဆက်လုပ်မယ်”ဟု ၎င်းကဆိုသည်။

လမ်းဘေး ကလေးသူငယ်များကို စာသင်ပေးသော Care Teen ပရဟိတ အဖွဲ့သည် ၂၀၁၄ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၆၀ဝ ခန့်ရှိပြီး လက်ရှိအကြွေလဲခြင်းကို အဖွဲ့ဝင် ၃၀ ဦး ကျော်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

J-06