News

POST TYPE

EDITOR PICK POST

ရဲတပ်ဖွဲ့ဝင်တိုင်း ပြည်သူလူထုအတွက် စိတ်နှလုံးသွင်း လုပ်ဆောင်ရန် ဧရာဝတီတိုင်း ဝန်ကြီးချုပ် တိုက်တွန်း
02-Oct-2017 tagged as ရဲတပ်ဖွဲ့

ပုသိမ်၊ အောက်တိုဘာ ၁ 

ဧရာဝတီတိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် အဓိက အခန်းကဏ္ဍမှ တာဝန်ယူ ဆောင်ရွက်နေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တိုင်းမှာ ပြည်သူလူထုအတွက် စိတ်နှလုံးသွင်း လုပ်ဆောင်ရန်  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီက တိုက်တွန်းသည်။ 

ပုသိမ်မြို့ မြို့တော်ခန်းမတွင် အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းက ကျင်းပသော ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ (၅၃) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။ 

“ပြည်သူသည် ရဲတပ်ဖွဲ့အတွက် မဟုတ်ဘဲ ရဲတပ်ဖွဲ့ဝင်တိုင်း ပြည်သူလူထုအတွက် ဖြစ်ရမယ်ဆိုတဲ့ အသိစိတ်နဲ့ နှလုံးသွင်းဆောင်ရွက်တဲ့၊ ပြည်သူလူထု အကျိုးကို အောင်မြင်စွာ ဆောင်ရွက်နိုင်တဲ့ ရဲတပ်ဖွဲ့ဝင်ကောင်းဖြစ်ဖို့ တိုက်တွန်းမှာကြားပါတယ်” ဟု ၎င်းက ပြောကြားသည်။

ပြည်သူလူထု၏ ယုံကြည်အားကိုးမှု ပိုမိုရရှိရန်အတွက် ရဲတပ်ဖွဲ့ဝင်တိုင်း အဂတိတရား ကင်းရှင်းစွာဖြင့် ပြည်သူလူထု တစ်ရပ်လုံးကို ဥပဒေနှင့်အညီ ကူညီကာကွယ်စောင့်ရှောက်ကြရန်၊ ရဲတပ်ဖွဲ့ဝင်များ အနေနှင့် အခြားဌာနများနှင့် ပူးပေါင်းကာ လုံခြုံရေးအသိ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်၊ ရဲတပ်ဖွဲ့ စည်းကမ်းဥပဒေ ကျင့်ဝတ်တို့ကို လိုက်နာဆောင်ရွက်ကြရန် ဝန်ကြီးချုပ် မန်းဂျော်နီက ဆက်လက်ပြောကြားသည်။ 

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရဲမြင့်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ ပေးပို့သည့် ၅၃ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း၊ ယင်းနောက် ထူးချွန်ရဲတပ်ဖွဲ့ဝင်များအား ဆုချီးမြှင့်ခြင်း၊ ရာထူးတိုး ရဲတပ်ဖွဲ့ဝင်များအား ရာထူးတိုးမြှင့် ပေးအပ်ခြင်း၊ ရဲတပ်ဖွဲ့ဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့သည့် အုပ်ချုပ်ရေးအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာအချို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ 

R- 12