News

POST TYPE

EDITOR PICK POST

အလစ်အငိုက် တိုက်ခိုက်မှု မခံရအောင် နေထိုင်ရန် ရဲချုပ် ပြောကြား
02-Oct-2017 tagged as ရဲတပ်ဖွဲ့

နေပြည်တော်၊ အောက်တိုဘာ ၁

အရေးကြုံလာပါက မိမိတို့ ကိုင်ဆောင်ထားသော လက်နက်များကို အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် အလစ်အငိုက် တိုက်ခိုက်မှု မခံရစေရန် အသေးအဖွဲ့ကိစ္စမှအစ လုံခြုံရေးသတိဖြင့် နေထိုင်ရန် ရဲတပ်ဖွဲ့ဝင်များကို ရဲချုပ်အောင်ဝင်းဦးက ပြောကြားလိုက်သည်။

နေပြည်တော် သင်္ဂဟဟိုတယ်တွင် အောက်တိုဘာ ၁ ရက်နေ့က ပြုလုပ်သော ၅၃ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ရဲချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းအခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့ပါ တက်ရောက်ခဲ့သည်။

ရဲတပ်ဖွဲ့အနေနှင့် လူ့စွမ်းအားသက်သက်ဖြင့် အသုံးပြုခဲ့သည့် အခြေအနေမှ လုံခြုံရေးဆိုင်ရာ ခေတ်မီပစ္စည်း ကိရိယာများကို အသုံးပြုပြီး ပိုမိုထိရောက်အောင် ဆောင်ရွက်နေပြီ ဖြစ်သောကြောင့် လုပ်ငန်းတာဝန်များကို တာဝန်သိသိဖြင့် မခိုမကပ်ဘဲ ထမ်းဆောင်ကြရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ရခိုင်ပြည်နယ် မောင်တောဒေသ၌ ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ် သြဂုတ်နှောင်းပိုင်းတို့တွင် အကြမ်းဖက်သမားများက နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ရဲစခန်းများ နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ လက်နက်များ ဆုံးရှုံးခြင်းနှင့် ရဲစခန်းအချို့ ကျဆုံးခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး၊ အင်အားမမျှတဟု ဆိုကာ ရဲတပ်ဖွဲ့ဝင်အချို့က စခန်းကို စွန့်ခွာ၍ နီးစပ်ရာစခန်းများသို့ သွားရောက်ပူးပေါင်းခဲ့ရသည်။

ယင်းသို့ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် မောင်တောဒေသတွင် နယ်စပ်ဒေသ ကွပ်ကဲမှုဌာနချုပ် (န.စ.က) ကွပ်ကဲရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့ တပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်မှူးကြီးသက်ထွဋ် (ငြိမ်း) က “ဘာအကြောင်းကြောင်းနဲ့မှ တပ်တွေဆုတ်တာတွေ၊ ရွာတွေ ရှောင်ပြေးတာတွေ လုပ်လို့မရဘူး။ ရွာတွေက ရဲတွေ၊ လူတွေ ဆုတ်ခွာပြေးလာတယ် ဆိုတာကို သဘောမကျဘူး။ စစ်သားဖြစ်ဖြစ်၊ ရဲဖြစ်ဖြစ် နောက်ဆုံးကျည်ဆန် တစ်တောင့်နဲ့ ရန်သူကို သေအောင်ခံချရမယ်။ ဒီတော့ ရဲတစ်ယောက်က ဝိုင်းလာတဲ့ ဘင်္ဂါလီခြောက်ယောက်လောက် ကျအောင်ပစ်ရင် ကင်းစခန်း ဘယ်လိုမှ ကျစရာ မရှိဘူး” ဟု The Speaker ဂျာနယ်နှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် သူ၏ အမြင်ကို ပြောကြားခဲ့သည်။              

S-01