News

POST TYPE

EDITOR PICK POST

ကားဈေးကွက် မူဝါဒတစ္ဆေ
28-Sep-2017 tagged as ကား ဈေးကွက်


အစိုးရက မကြာမီ ရက်ပိုင်းအတွင်း ထုတ်ပြန်ရန်ရှိသည့် ကားမူဝါဒသည် မြန်မာနိုင်ငံကားလောကကို ခြောက်လှန့်နေသည်။

ဒီနှစ်မူဝါဒနှင့် ပတ်သက်သော အထူးခြားဆုံး ကောလာဟလမှာ ဘယ်မောင်းများသာ သွင်းခွင့်ပြုတော့မည်ဆိုခြင်း ဖြစ်သည်။

ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုပါက ဂျပန် ညာမောင်းကားများ သွင်းနေသော တစ်ပိုင်တစ်နိုင်လုပ်ငန်းများ၊ ဂျပန်ကား အရောင်းစင်တာများ၊ တစ်ပတ်ရစ်ပွဲစား၊ ဂျပန် လေလံဈေးကွက်တို့အတွက် အကြီးအကျယ် ထိခိုက်သွားနိုင်သည်။

အစိုးရကတော့ ယခင်နှစ်များကကဲ့သို့ မူဝါဒ ထုတ်ပြန်မှု နောက်ကျမည်မဟုတ်ဘဲ ယခင်နှစ်များကထက် နှစ်လစော၍ စက်တင်ဘာလကုန်ပိုင်း (သို့မဟုတ်) အောက်တိုဘာ လဆန်းပိုင်းတွင် ထုတ်ပြန်ပေးမည်ဟု မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီက ဆိုသည်။

လာမည့်နှစ် မော်တော်ယာဉ်မူဝါဒတွင် ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုမည်ဆိုသည့် သတင်းများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခြင်းကြောင့်လည်း ယခင်နှစ်များကထက် မော်တော်ယာဉ် လုပ်ငန်းရှင်များက ပိုမို စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။

KL Seven မော်တော်ယာဉ် အရောင်းစင်တာပိုင်ရှင် ဦးကြည်သာဟန်က “ဘယ်မောင်းပဲ သွင်းခွင့်ပြုမယ်ဆို ရုတ်တရက် ကားဈေးမြင့်တာကို ရင်ဆိုင်ရနိုင်တယ်”ဟု ပြောဆိုသည်။

ထိုသို့ ဘယ်မောင်း မော်တော်ယာဉ်များသာ တင်သွင်းခွင့်ပြုမည်ဆိုပါက မြန်မာနိုင်ငံတွင် လူကြိုက်များသည့် ဂျပန်နိုင်ငံထုတ် ညာမောင်း မော်တော်ယာဉ်များ ဈေးတက်သွားနိုင်သည်။

အထူးသဖြင့် လက်ရှိရောင်းဈေး ကျပ်သိန်း ၁၀ဝ နှင့် ၂၀ဝ ခန့်ဈေးရှိ လုပ်ငန်းသုံး မော်တော်ယာဉ်များနှင့် လူစီးကျပ်သိန်း ၄၀ဝ နှင့် ၅၀ဝ တန် မော်တော်ယာဉ်ဈေးနှုန်းများ မြင့်တက်လာနိုင်သည်ဟု ဦးကြည်သာဟန်က သုံးသပ်ပြောကြားသည်။

ထို့ပြင် ကိုရီးယားနှင့် တရုတ်ကားများသာ တင်သွင်းခွင့် ရှိတော့မည်ဖြစ်သည့်အတွက် အသုံးပြုပြီး ဂျပန်ကားများ ပျောက်ကွယ်သွားနိုင်ကြောင်း၊ ယင်းအပြင် ကိုရီးယားနှင့် တရုတ်ကားများမှာ ဂျပန်ကားများကဲ့သို့ ကြံ့ခိုင်မှု၊ လုံခြုံရေးပိုင်းနှင့် အပိုပစ္စည်း မပေါများခြင်းဆိုသည့် အားနည်းချက် များစွာရှိကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက ဆိုသည်။

လက်ရှိပြည်တွင်းကားဈေးကွက်တွင် အပြင်လူများက ကားဝယ်ယူခြင်း မရှိသော်လည်း ထွက်ပေါ်နေသော သတင်းများကြောင့် ကားဈေးနှုန်း အနည်းငယ် တက်လာသဖြင့် ကားဝယ်ရောင်းများက ဂျပန်ကားများကို လိုက်လံဝယ်ယူ စုဆောင်းလျက်ရှိကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များထံမှ သိရသည်။

အဘယ့်ကြောင့်ဆိုသော် ယခုသတင်း ထွက်ပေါ်နေသည့်အတိုင်း ဘယ်မောင်း မော်တော်ယာဉ်များသာ တင်သွင်းခွင့်ပြုမည်ဆိုပါက ဂျပန်ကားများ ရှားပါးသွားမည့်အရေးနှင့် ရင်ဆိုင်လာရပါက ဈေးပိုရလာနိုင်ခြင်းကြောင့်ဖြစ်သည်။

ထို့ပြင် ဂျပန်မှ တစ်ပတ်ရစ် ကားတင်သွင်းခွင့်ရှိသည် စလစ်ဈေးနှုန်းများမှာလည်း ယာဉ်အိုယာဉ်ဟောင်း အပ်ကားရှားပါးခြင်းနှင့် ယခုကဲ့သို့ ကားမူဝါဒ အပြောင်းအလဲ ဖြစ်နိုင်ခြင်းကြောင့် စလစ်ထုတ်ရောင်းသူမရှိဘဲ လိုက်လံ စုဆောင်းနေသည့်အတွက် ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။

စလစ်ဈေးသည် တစ်လအတွင်း အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ် ၁၅ သိန်းခန့်၊ အမည်မပေါက်သည့် နှစ် ၂၀ စလစ်တစ်စောင်လျှင် ကျပ် ၁၂ သိန်းခန့်၊ နှစ် ၂၀ အပ်ကားတစ်စီးလျှင် ကျပ် ၁၅ သိန်းခန့်ထိ မြင့်တက်လျက်ရှိပြီး တိုက်ကြေစလစ် ဈေးနှုန်းများမှာလည်း ကျပ် ၁၀ သိန်းခန့်ထိ မြင့်တက်လျက်ရှိသည်။

ဘယ်မောင်းများကိုသာ အမှန်တကယ် တင်သွင်းခွင့်ပြုမည်ဆိုပါက မြန်မာပြည်သူများအကြိုက် ဂျပန်နိုင်ငံထုတ် မော်တော်ယာဉ်များကို ထာဝရ နှုတ်ဆက်လိုက်ရမည့်အခြေအနေ ဖြစ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ မော်တော်ယာဉ် အရောင်းစင်တာများသည် ဂျပန်နိုင်ငံထုတ် အသုံးပြုပြီး မော်တော်ယာဉ်များကိုသာ အဓိက တင်သွင်း ရောင်းချသည့်အတွက် ထိုသို့ ဘယ်မောင်း မော်တော်ယာဉ်များသာ တင်သွင်းခွင့်ပြုမည်ဆိုပါက ထိခိုက်မှု အများဆုံး ဖြစ်သွားနိုင်သည့် အခြေအနေဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၎င်းတို့၏ အရောင်းစင်တာ ပါမစ်ဖြင့် အသုံးပြုပြီး မော်တော်ယာဉ်များသာ  တင်သွင်း ရောင်းချခွင့်ပြုထားခြင်းကြောင့်ဖြစ်သည်။

တစ်ပိုင်တစ်နိုင် ကားဝယ်ရောင်းများမှလည်း ဂျပန်နိုင်ငံထုတ် ညာမောင်း အသုံးပြုပြီးကားများကိုသာ တင်သွင်း ရောင်းချနေသည့်အတွက် ထိုကားများ တင်သွင်းခွင့် ပိတ်ပင်လိုက်ပါက ဒုတိယ ထိခိုက်နိုင်သည့်သူများဖြစ်ပြီး နောက်တစ်ဦးမှာ တစ်ပတ်ရစ် ကား ဝယ်ရောင်းသမားများဖြစ်သည်။ 

၎င်းတို့သည်လည်း ဂျပန်ကားများကိုသာ ရောင်းချခြင်းဖြစ်သည့်အတွက် ယင်းကားများ တင်သွင်းခွင့် မပြုတော့ပါက ယင်းကားများ ရှားပါး၍ ကားသစ်များသာ အရောင်းအဝယ် ပြုလုပ်လာမည် ဖြစ်သည့်အတွက် ၎င်းတို့ကိုလည်း အနည်းနှင့်အများ ထိခိုက်လာမည် ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ မော်တော်ယာဉ် ဈေးကွက်ကို အားကိုးနေရသည့် ဂျပန်လေလံဈေးကွက် အခြေအနေသည်လည်း ထိခိုက်မည်ဖြစ်ပြီး ယခုအခြေအနေတွင်ပင် ကားအရောင်းအဝယ် အေးနေခြင်းကြောင့် ဂျပန်လေလံဈေးကွက်တွင် လေလံဆွဲသူ နည်းပါးလျက် ရှိလေသည်။

“ဘာပဲဖြစ်ဖြစ် ပွင့်လင်းရာသီက ရောက်စပြုလာပြီဆိုတော့ ကားအရောင်းအဝယ်က ပြန်ကောင်းလာပါစေပဲ ဆုတောင်းတယ်။ ဒါကလည်း အခုထုတ်မယ့် ကားမူဝါဒပေါ်ပဲ မူတည်ပါတယ်။ အခုတော့ အရောင်း အဝယ် မကောင်းဘူး”ဟု လှိုင်ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်းတစ်ဦးက ပြောသည်။

ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုမည်ဆိုသည့် မူဝါဒမှာ အတိအကျ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း မူဝါဒထုတ်ပြန်မည့် အစိုးရပိုင်းနှင့် နီးစပ်သည့် မော်တော်ယာဉ် လုပ်ငန်းရှင်များထံမှ လာသည့် သတင်းတစ်ရပ် ဖြစ်သည့်အတွက် မှန်နိုင်သည့် ရာခိုင်နှုန်းများသည့်ဘက်တွင်တော့ ရှိနေလေသည်။

မည်သို့ ပြောင်းလဲလာမည် ဆိုသည်ကိုတော့ မသိနိုင်ပေ။ အမှန်တကယ် ဖြစ်ပေါ်လာပါက အထက်က ဆိုခဲ့သကဲ့သို့ ဂျပန်ကားများ ဈေးတက်နိုင်သကဲ့သို့ ယခုကဲ့သို့လည်း ဖြစ်လာနိုင်ကြောင်း ဦးကြည်သာဟန်က မှတ်ချက်ပြုသည်။

“ဘယ်မောင်းသာ သွင်းခွင့်ပြုမယ်ဆိုရင် ဂျပန်ကားဈေးကွက် မာသွားနိုင်တယ်။ ပြီးတော့ ပြည်တွင်းထုတ်တွေဖြစ်တဲ့ နစ်ဆန်းတို့၊ ဆူဇူကီးတို့ဘက် အဝယ် လိုက်သွားနိုင်တယ်”ဟု ဆိုသည်။

ဟိန်းမြတ်စိုး