News

POST TYPE

EDITOR PICK POST

မလေးရှားနိုင်ငံသို့ လုပ်သား အစားထိုး စေလွှတ်ခွင့်ပြု
27-Sep-2017 tagged as မလေးရှား

ရန်ကုန်၊ စက်တင်ဘာ ၂၇

မလေးရှားနိုင်ငံသို့  လုပ်သားစေလွှတ်ခွင့်ကျထားပြီး အကြောင်း အမျိုးမျိုးကြောင့် မသွားနိုင်သည့် အလုပ်သမားများနေရာတွင် အစားထိုး လုပ်သား စေလွှတ်ခွင့်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက စက်တင်ဘာလ ၂၆ ရက်တွင် ပြန်လည် ခွင့်ပြုလိုက်ကြောင်း ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ်ထံမှ သိရသည်။ 

လုပ်သားအစားထိုး စေလွှတ်ခွင့် မရပါက မလေးရှားနိုင်ငံသို့ သီးသန့် စေလွှတ်နေသည့် အေဂျင်စီ ၅၀ ခန့် လုပ်ငန်း ရပ်ဆိုင်းဖွယ်ရာ ကြုံတွေ့နေရခြင်းကိစ္စကို  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံ စက်တင်ဘာ ဒုတိယအပတ်တွင် တင်ပြခဲ့ပြီးနောက် ထိုသို့ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

“မနေ့က လက်ခံတယ်။ ထွက်မယ့် အလုပ်သမားတွေကို တင်ပေးပါတယ်။ သူတို့ဘက်က စိစစ်ပြီး လွှတ်ပေးမယ်။ အေဂျင်စီတွေက  တိုက်ရိုက်တင်ရမယ်။ Cancelation မှန်၊ မမှန်ကို အလုပ် သမားဝန်ကြီးဌာနက ပြန်စစ်ပေးမယ်၊ Calling ကျပြီး မသွားတော့တဲ့ အလုပ်သမားနေရာကို အစားထိုးလွှတ်ရမှာပါ။ ဘယ်ကုမ္ပဏီတွေက ဘယ်လောက်ပို့မယ် ဆိုတာကို တင်ကြပေါ့”ဟု အဆိုပါအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ထင်ကျော်က ပြောကြားသည်။

မလေးရှားသို့ ပို့ဆောင်နေသည့် အေဂျင်စီများအနေနှင့် တစ်နှစ် တစ်ကြိမ် လုပ်ငန်းလိုင်စင် သက်တမ်းတိုးရာတွင် တစ်နှစ်ကို အလုပ်သမား အနည်းဆုံး ၇၅ ဦးကို ပို့ဆောင်နိုင်မှသာလျှင် အလုပ်သမား ဝန်ကြီးဌာနက လုပ်ငန်းလိုင်စင် သက်တမ်းတိုးပေးခြင်း ဖြစ်သည်။

ထိုသို့ အစားထိုး လုပ်သားစေလွှတ်ခွင့်ပြုမည့် အလုပ်သမားများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနက စိစစ်ပြီးမှသာ ခွင့်ပြုသွားမည် ဖြစ်သည်။

မလေးရှားနိုင်ငံတွင် ပြီးခဲ့သောနှစ်က ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် ဆူပူမှုများကြောင့် လုပ်သားစေလွှတ်ခွင့်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်မှ စတင်ရပ်နားထားခဲ့သည်။

လက်ရှိတွင် မလေးရှားသို့ လုပ်သားစေလွှတ်မှု မပိတ်စဉ်က  အလုပ်ခေါ်စာ ရရှိထားသူ ၈၀ဝ၀ ခန့်ရှိသည့်အနက် ဇူလိုင်လက လုပ်သား ၂၉၀ဝ ခန့်ကို စေလွှတ်ထားပြီးဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုများ လုပ်ငန်းရှင်များ အသင်းချုပ်အဖွဲ့ဝင် မလေးရှား ကော်မတီ ဒုတိယခေါင်းဆောင် ဦးသန်းထွဋ်ဦးက ပြောကြားထားသည်။

မလေးရှားနိုင်ငံသို့ လုပ်သားစေလွှတ်နေသည့် အေဂျင်စီ ၁၀ဝ ဝန်းကျင်ခန့်ရှိပြီး ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များသည် ယခင်က တစ်လလျှင် လုပ်သား လေးထောင်ခန့် တင်ပို့စေလွှတ်နေသည်။

J-18