News

POST TYPE

EDITOR PICK POST

YBS ယာဉ်လိုင်းတွင် အမျိုးသမီးယာဉ်မောင်း ၃၀ နှစ်ပတ်တွင်း ခန့်မည်
26-Sep-2017 tagged as YBS

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများထဲမှ Power Eleven ကုမ္ပဏီ အုပ်ချုပ်မှုအောက်ရှိ YBS ၂၁ ယာဉ်လိုင်းတွင် အမျိုးသမီး ယာဉ်မောင်း ၃၀ ကို နှစ်ပတ်အတွင်း ခန့်အပ်ရန် လျှောက်လွှာ ခေါ်ယူထားကြောင်း အဆိုပါကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတရုတ်လေးက ပြောကြားသည်။

ယင်းသို့ခေါ်ယူရာတွင် ယာဉ်မောင်း လိုင်စင်သက်တမ်း သုံးနှစ်ရှိသူများ လျှောက်ထားနိုင်သကဲ့သို့ ယာဉ်မောင်း အတွေ့အကြုံ မရှိသူများလည်း လျှောက်ထားနိုင်ကြောင်း၊ ယနေ့မှစ၍ နှစ်ပတ်အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“အမျိုးသမီးလျှောက်လွှာတွေ လက်ခံနေတယ်။ အမျိုးသမီးတွေ အလုပ်အကိုင် ရစေဖို့နဲ့ ဝန်ဆောင်မှု ပေးနိုင်မယ်လို့ ယူဆထားတဲ့အတွက် ခန့်အပ်သွားမှာပါ။ ခန့်လိုက်ပြီဆိုတာနဲ့ ယာဉ်မောင်းသင်တန်း နှစ်လပို့ချမယ်။ သင်တန်းပြီးတာနဲ့ ၂၁ယာဉ်လိုင်းမှာ မောင်းရတော့မှာပါ”ဟု ၎င်းက ဆိုသည်။

မြို့တွင်း YBS ယာဉ်မောင်းနှင်ရန် အမျိုးသမီးယာဉ်မောင်း တစ်ဦးသာ ခန့်အပ်နိုင်သေးသည့် YBS ၂၁ ယာဉ်လိုင်းတွင် အမြဲတမ်း ယာဉ်မောင်းအဖြစ် တာဝန် ထမ်းဆောင်စေရန် အမျိုးသမီးယာဉ်မောင်းတစ်ဦးကို စက်တင်ဘာလ ၂၃ ရက်က စတင် ခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း ဦးတရုတ်လေးက ပြောကြားသည်။

Power Eleven ကုမ္ပဏီလက်အောက်ရှိ YBS ၂၁ ယာဉ်လိုင်း၌ ယာဉ်မောင်း ၈၁ ဦးဖြင့် ယာဉ်စီးရေ ၁၀ဝ ကျော်ကို ဆူးလေ၊ အင်းစိန်၊ တညင်းကုန်း၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ခရီးစဉ်ကို ပြေးဆွဲပေးလျက်ရှိသည်။

အမျိုးသမီးယာဉ်မောင်း လျှောက်ထားရာတွင် လိုင်စင်ဓာတ်ပုံ ၃ ပုံ၊ မှတ်ပုံတင် သန်းခေါင်စာရင်း မိတ္တူ ၃ စုံ၊ ရပ်ကွက် နေထိုင်ကြောင်းနှင့် ရဲစခန်းပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံစာ မူရင်းများနှင့်အတူ အမှတ် ၂၄၅၊ တော်ဝင်လမ်း၊ ၇ ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်တွင် လျှောက်ထားနိုင်ပြီဖြစ်သည်။

အသက် ၂၈ နှစ်ရှိ မမြတ်ရည်မွန်သည် ယာဉ်နောက်လိုက်မှ အဆိုပါ ယာဉ်လိုင်းတွင် ပထမဆုံး အမျိုးသမီး ယာဉ်မောင်း ဖြစ်လာပြီး လက်ရှိ ခန့်အပ်ခဲ့သူ အသက် ၃၅ နှစ်ရှိ ဒေါ်အေးအေးအောင်မှာ ယာဉ်မောင်းသက်တမ်း ငါးနှစ်ရှိပြီးသူ ဖြစ်သည်။

J-06