News

POST TYPE

EDITOR PICK POST

မြေမထိကားများ ၂၀၂၀ တွင် ပေါ်ပေါက်ရန် ပြင်ဆင်
25-Sep-2017 tagged as ကား

လန်ဒန်၊ စက်တင်ဘာ ၂၄

ကမ္ဘာကျော် Renault ကား ကုမ္ပဏီကြီးသည် လန်ဒန် အနုပညာတက္ကသိုလ်မှ ကျောင်းသားများ တီထွင်သည့် ကားဒီဇိုင်းပုံစံအတိုင်း လာမည့် ၂၀၂၀ ပြည့်နှစ်တွင် မြေကြီးနှင့် ရှပ်ပြေးနေမည့် ဘီးမပါသော ကားလုံးများကို တီထွင်ရန် ပြင်ဆင်လျက်ရှိကြောင်း Wired သတင်းတွင် ဖော်ပြထားသည်။

လျှပ်စစ်စွမ်းအင်ဖြင့် မောင်းနှင်နိုင်မည့် ကားလုံးများသည် ကိုယ်တိုင်ထိန်းချုပ်ပြီး မောင်းနှင်နိုင်ရုံမက အလိုအလျောက်စနစ်များဖြင့် အားလုံး စီစဉ်ပေးထားသော ကားများဖြစ်မည်ဟု ယင်းသတင်းက ဆိုသည်။

The Float ဟု အမည်ပေးထားသည့် ကားလုံးများကို သံလိုက်စွမ်းအင်ဖြင့် မြေကြီးကို တွန်းအားပေးကာ မြောက်တက်နေရန် စီမံထားမည်ဖြစ်ပြီး ဘီးလည်း မလိုတော့ကြောင်း၊ လမ်းများပေါ်တွင် ပူဖောင်းကြီးတစ်လုံး စီးမျောနေသည့်အသွင် ဖြစ်နေနိုင်ကြောင်း တီထွင်သူများက ပြောကြားသည်။ 

ကျောင်းသားများဒီဇိုင်းအတိုင်း တီထွင်ထားသည့် ရှေ့ပြေးကားပုံစံ နှစ်စင်းကို စက်တင်ဘာ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ လန်ဒန်၊ ကင်းခရော့စ်တွင် ပြသထားမည် ဖြစ်သည်။

The Float မြေမထိကားများကို လန်ဒန်၊ Central Saint Martins အနုပညာတက္ကသိုလ်မှ ကျောင်းသားများသည် ပြင်သစ်နိုင်ငံ ကားကုမ္ပဏီ Renault အတွက် ဒီဇိုင်းထွင်ပေးကာ သယ်ယူပို့ဆောင်ရေး ခေတ်တစ်ခေတ် ပြောင်းစေရန် ရည်ရွယ်ကြောင်း Wired တွင် ရေးသားထားသည်။ 

ကားကို ဖောက်ထွင်းမြင်နိုင်သည့် ဖန်သားအကြည်များဖြင့် တည်ဆောက်ထားပြီး၊ ထိုင်ခုံများကို ငွေရောင်သုတ်ထားကြောင်း၊ ယနေ့ခေတ်ပေါ်ကားများနှင့် လုံးဝကွဲပြားသွားစေသော ဒီဇိုင်းမျိုး ဖြစ်ကြောင်း Renault က ပြောကြားသည်။

ယင်းကားဒီဇိုင်းကို အသက် ၂၃ နှစ်အရွယ် ယုချန်ရှီးဆိုသူ ကျောင်းသားက ဦးဆောင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး၊ ခရီးသည်အချင်းချင်း၊ လမ်းပေါ်တွင် သွားနေသည့် ကားအချင်းချင်း၊ လမ်းလျှောက်နေသူများနှင့် အပြန်အလှန် အဆက်အသွယ်ကောင်းစေရန် ဖန်လုံအိမ်အဖြစ် တီထွင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

Renault ကုမ္ပဏီအနေနှင့် အနာဂတ်တွင် မြေမထိကားများကို ဒီဇိုင်းအမျိုးမျိုးဖြင့် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ လျှပ်စစ်ကားနှင့် မောင်းသူမဲ့ကားများ အဖြစ်မှသည် အနာဂတ်ကို စိတ်ကူးရုပ်လုံး ဖော်ပေးမည်ကားများ ထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း Wired တွင် ရေးသားထားသည်။