News

POST TYPE

EDITOR PICK POST

YBS ၂၀ တွင် လုံခြုံရေးဝန်ထမ်း ၆၀ ဦး ထပ်တိုးထားရှိ
25-Sep-2017 tagged as YBS

ရန်ကုန်၊ စက်တင်ဘာ ၂၄

ယာဉ်တစ်စီးလုံး၏ လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်မည့် လုံခြုံရေးဝန်ထမ်း ၆၀ ကို Omini Focus ကုမ္ပဏီ လက်အောက်ရှိ YBS ၂၀ ယာဉ်လိုင်းတွင် ထပ်တိုးထားရှိကြောင်း အဆိုပါ ယာဉ်လိုင်းထံမှသိရသည်။

Omini Focus ကုမ္ပဏီသည် သြဂုတ်လ ၁၉ ရက်က YBS ၅၆ (မြို့တွင်းပတ် အညိုယာဉ်လိုင်း) တွင် လုံခြုံရေးဝန်ထမ်း ၂၅ ဦးကို ယာဉ်ပေါ်တွင် တာဝန်ထမ်းဆောင်စေခဲ့ပြီး စက်တင်ဘာလ ၄ ရက်က YBS ၂၀ ယာဉ်လိုင်းတွင် လုံခြုံရေးဝန်ထမ်း ၆၀ ဦးကို ထပ်တိုးထားရှိခြင်း ဖြစ်သည်။

“လိုင်းတစ်လိုင်းမှာ ကနဦးထားခဲ့တာ။  စမ်းသပ်ကာလပြီးလို့ အတည်ပြု ခန့်အပ်လိုက်ပြီ။ ကုမ္ပဏီ လက်အောက်မှာ ပြေးတဲ့ ယာဉ်ခြောက်လိုင်းလုံးမှာ ထပ်မံထားရှိဖို့ စီစဉ်ထားတယ်” ဟု Omini Focus ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Omini Focus ကုမ္ပဏီ လက်အောက်တွင် YBS ၂၀၊ ၂၇၊ ၅၆၊ ၈၃၊ ၈၂၊ ၈၅ တို့ ပြေးဆွဲလျက်ရှိသည်။

အဆိုပါ ဝန်ထမ်းများ အနေနှင့် YBS ယာဉ်လုံခြုံရေး၊ ခရီးသည် လုံခြုံရေးတို့ကို တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး ယာဉ်ပေါ်တွင် ခါးပိုက်နှိုက်ခြင်း၊ အမျိုးသမီးများကို မသမာသူများ နှောင့်ယှက်ခြင်းများ ပပျောက်စေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း လုံခြုံရေး ဝန်ဆောင်မှု ကုမ္ပဏီမှ လူသစ်စုဆောင်ရေး တာဝန်ခံ ဦးအောင်ကိုကိုက ပြောကြားသည်။

“နောက်ထပ် ယာဉ်လိုင်းကုမ္ပဏီ နှစ်ခုက ကမ်းလှမ်းတယ်။ သူတို့က ဝန်ထမ်း ၂၀၀ ကျော်ကို လိုချင်တာ။ လက်ရှိကုမ္ပဏီမှာ ဝန်ထမ်းလုံလောက်မှု မရှိသေးလို့ ဝန်ထမ်း အမြန်ခန့်အပ်နေတယ်” ဟု ၎င်းက ဆိုသည်။

YBS ၂၀ ယာဉ်လိုင်းတွင် ယာဉ်စီးရေ ၇၀ ဖြင့် ဒဂုံဧရာအဝေးပြေး၊ သမကုန်းအဝိုင်း၊ လှိုင်သာယာမီးခွက်ဈေး ဘုရင့်နောင်တံတား၊ သီရိမင်္ဂလာဈေးသစ်၊ ဆင်မလိုက်၊ စံပြငါးဈေး၊ ဗားကရာလမ်း၊ မြေနီကုန်း၊ လင့်လမ်း၊ ရွှေဂုံတိုင်၊ တာမွေအဝိုင်း၊ ဗညာဒလလမ်း၊ ယုဇနပလာဇာ၊ မြရာကုန်းလမ်း၊ မြန်မာ့ဂုဏ်ရည်လမ်း၊ သိမ်ဖြူတို့ကို ပြေးဆွဲပြီး YBS ၅၆ ယာဉ်လိုင်းမှာ ယာဉ်စီးရေ ၂၅ စီးဖြင့် မြို့တွင်းပတ် ပြေးဆွဲခြင်း ဖြစ်ကြောင်း Omini Focus ကုမ္ပဏီထံမှ သိရသည်။

J-06