News

POST TYPE

EDITOR PICK POST

သြစတြေးလျနိုင်ငံ ကာကွယ်ရေးဌာန တရုတ်နိုင်ငံမှ ဒရုန်းယာဉ်များကို တားမြစ်
22-Sep-2017 tagged as နည်းပညာ တရုတ်

ဆစ်ဒနီ၊ စက်တင်ဘာ ၂၁

သြစတြေးလျနိုင်ငံ ကာကွယ်ရေးဌာနသည် တရုတ်နိုင်ငံထုတ် မောင်းသူမဲ့ ဒရုန်းယာဉ်များကို နိုင်ငံအတွင်း တင်သွင်းခွင့်၊ မောင်းနှင်ပျံသန်းခွင့်များအား ပိတ်ပင်တားမြစ်လိုက်ကြောင်း The Australian သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံထုတ် ဒရုန်းယာဉ်များကို အမေရိကန်တပ်မတော်က လုံခြုံရေးအရ ပိတ်ပင်တားမြစ်ခဲ့ပြီးသည့်နောက်တွင် သြစတြေးလျ နိုင်ငံကလည်း ဆိုက်ဘာလုံခြုံရေး ကိစ္စများအတွက် စိုးရိမ်ရသည့်အတွက် ပိတ်ပင်တားမြစ်လိုက်ရခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

သြဂုတ်လအတွင်းက အမေရိကန်ပြည်ထောင်စုမှာ တာဝန်ရှိသူများက တရုတ်နိုင်ငံ DIJ (Da-Jiang Innovations Technology) ကထုတ်သည့် ဒရုန်းယာဉ်များကို ဆိုက်ဘာခိုးဖောက်နိုင်မှုများအတွက် သင်္ကာမကင်း ဖြစ်သောကြောင့် ပိတ်ပင်လိုက်ကြောင်း အမိန့်ထုတ်ကာ တားမြစ်ခဲ့ပြီး ဖြစ်သည်။ 

သြစတြေးလျနိုင်ငံ ကာကွယ်ရေးဌာနသည် လွန်ခဲ့သည့် နှစ်ပတ်အတွင်းက မောင်းသူမဲ့ ဒရုန်းယာဉ်များ ပျံသန်းထောက်လှမ်းနေမှုများကို သင်္ကာမကင်းဖြစ်သဖြင့် တားမြစ်ပိတ်ပင်ရခြင်း ဖြစ်ကြောင်း၊ စီးပွားရေးအရ အသုံးပြုနေသည့် ဒရုန်းများကိုလည်း ကန့်သတ်စိစစ်ပြီးမှ ခွင့်ပြုရန် ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ 

သြစတြေးလျနိုင်ငံ ကာကွယ်ရေးဌာနတွင် လက်ရှိအသုံးပြုနေသည့် DIJ ထုတ် မောင်းသူမဲ့ ဒရုန်းယာဉ် အစင်း ၄၀ ခန့်ရှိပြီး၊ စစ်ရေးဆိုင်ရာကိစ္စများတွင် အသုံးပြုနိုင်ရန် ပူးတွဲလေ့ကျင့်လျက် ရှိသည်။ 

DIJ ဒရုန်းများသည် တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ရှန်ဇန်းအခြေစိုက် စက်ရုံတစ်ခုက ထုတ်လုပ်ထားခြင်း ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ အစ္စရေးနှင့် သြစတြေးလျ ကာကွယ်ရေး ဌာနများကို ပေးပို့ထောက်ပံ့ခွင့်များ ရထားသည့် အဖွဲ့ကြီးတစ်ခု ဖြစ်သည်။ 

DIJ ဒရုန်းများသည် ယခုအခါ တစ်ကမ္ဘာလုံးရှိ ဈေးကွက်များတွင် ပျံ့နှံ့လျက်ရှိပြီး လာမည့် ငါးနှစ်အတွင်း ဒေါ်လာဘီလီယံ ၁၀၀ ဖိုးခန့်အထိ ရောင်းချနိုင်မည်ဟု ခန့်မှန်းထားသည်။

ယခုအခါ အမေရိကန်ပြည်ထောင်စုကလည်း ဆီးရီးယားနိုင်ငံ စစ်ဆင်ရေးက စတင်ပြီး ဒရုန်းယာဉ်များကို တွင်ကျယ်စွာ အသုံးပြု၍ စစ်ဆင်ရေးများကို ဆင်နွှဲလျက်ရှိသည်။

သြစတြေးလျနိုင်ငံ ကာကွယ်ရေးဌာနသည် တရုတ်ထုတ် ဒရုန်းများအစား အမေရိကန်ပြည်ထောင်စု Aero Vironment ကုမ္ပဏီထုတ် Wasp AE ဒရုန်းများကို ဝယ်ယူသုံးစွဲရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း၊ ဒေါ်လာ ၁၀၁ သန်းဖိုးခန့် ဝယ်ယူပြီး အဆင့်မြှင့်ရန် စီစဉ်ထားကြောင်း The Australian သတင်းတွင် ရေးသားထားသည်။