News

POST TYPE

EDITOR PICK POST

နဂါးလေး (ခ) အောင်နိုင်မြင့် မူးယစ်အမှုမှ ကွင်းလုံးကျွတ်လွတ်၊ အခြားအမှုများဖြင့် အင်းစိန်ထောင်တွင် ဆက်လက်ထိန်းသိမ်း
22-Sep-2017
ရန်ကုန်၊ စက်တင်ဘာ ၂၁

သေနတ်ပစ်ခတ်ဖမ်းဆီးနေသည့်ကြားမှ ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်များကို ကားဖြင့်ဝင်တိုက်ကာ လွတ်မြောက်ထွက်ပြေးခဲ့သူ နဂါးလေး (ခ) အောင်နိုင်မြင့်မှာ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် ရင်ဆိုင်နေရသော မူးယစ်မှု အပြီးအပြတ် ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့သော်လည်း ပစိဖိတ်ဓာတ်ပုံတိုက်ပိုင်ရှင် အမျိုးသားကို ပြန်ပေးဆွဲ ခြိမ်းခြောက်လုယက်မှု၊ လိုင်စင်မဲ့ကား လက်ဝယ်တွေ့ရှိမှုဖြင့် တရားစွဲဆိုခံထားရသောကြောင့် အင်းစိန်အကျဉ်းထောင်တွင် ဆက်လက်ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

နဂါးလေးမှာ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း မရှိကြောင်း ဆေးစာနှင့်အတူ မူးယစ်ဆေးဝါး ရောင်းချခဲ့ကြောင်း ခိုင်လုံသည့် အထောက်အထား တစ်စုံတစ်ရာ မရှိသဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၈ (၁) အရ အမှုမှ အပြီးအပြတ် လွှတ်လိုက်ပြီး စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိခဲ့သူ မျိုးဦးဇော်ကို မူး/စိတ် ပုဒ်မ ၁၉(က) အရ အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ် ကျခံစေရန် စက်တင်ဘာ ၂၁ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် မေလပိုင်းက ဒဂုံတောင်မြို့နယ်၊ (၁၉) ရပ်ကွက်၊ လှော်ကားလမ်းရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိခဲ့သော မျိုးဦးဇော်ကို စစ်ဆေးရာ နဂါးလေးက မူးယစ်ဆေးဝါးများ ရောင်းချခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ယင်းဆေးပြားများကို အရှေ့ပိုင်းခရိုင် တရားရုံးတွင် မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/ ၂၁ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

မူးယစ်မှု၊ လုယက်မှုတို့ဖြင့် တရားခံပြေးအဖြစ် ကြေညာထားသော အသက် ၃၄ နှစ် နဂါးလေး(ခ) အောင်နိုင်မြင့်ကို ၂၀၁၇ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဒဂုံတောင်မြို့နယ်၊ (၂၀) ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဥဿဖယားလမ်းဆုံတွင် X-TRAIL အမျိုးအစား ခဲရောင်ယာဉ်ကို မောင်းလာသည့် ၎င်းကိုတွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးစဉ် ၎င်းက အသာတကြည် အဖမ်းမခံသောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သော်လည်း ၎င်းက မော်တော်ယာဉ်ဖြင့် ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်များကို တိုက်ပြေးကာ ထွက်ပြေးနိုင်ခဲ့သော်လည်း တစ်ပတ်အကြာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ရှိ ၎င်း၏ ဆွေမျိုးနေအိမ်တွင် ပုန်းခိုနေစဉ် ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်။

နဂါးလေးမှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ဓားများ ကိုင်ဆောင်မှုဖြင့် ထောင်ဒဏ်တစ်နှစ် ကျခံရသူဖြစ်ပြီး ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ချိန် တာမွေနှင့် မင်္ဂလာတောင်ညွန့် မြို့နယ်တို့ရှိ နိုက်ကလပ်များတွင် လူဆိုးလူမိုက် လောကသားတို့ကြား သြဇာအာဏာ လွှမ်းမိုးခဲ့သူ ဖြစ်သောကြောင့် ရှေ့နေဦးကိုနီအား လုပ်ကြံပေးရန် ငွေကျပ်သိန်း ၂၀၀ နှင့် မော်တော်ယာဉ် တစ်စီးပေး၍ ကမ်းလှမ်းခံရသူ ဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။  

S-03