News

POST TYPE

EDITOR PICK POST

ကွန်မြူနစ် ဆန့်ကျင်ရေးဆန္ဒပြပွဲ လူ ၂၂ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ထိန်းသိမ်း

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့တော်တွင် ပြုလုပ်သည့် ကွန်မြူနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပဋိပက္ခများ ဖြစ်ပွားပြီးနောက် လူ ၂၂ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ထိန်းသိမ်းထားလိုက်ကြောင်း New York Times သတင်းတွင်  ဖော်ပြထားသည်။

လူပေါင်း ၅ သိန်းကျော် သေဆုံးခဲ့သည့် ၁၉၆၅ ခုနစ် ကွန်မြူနစ် ဆန့်ကျင်ရေး လုပ်ဆောင်ချက်သည် အင်ဒိုနီးရှားနိုင်ငံ သမိုင်းတွင် အမှောင်မိုက်ဆုံး ကာလဖြစ်ပြီး ယင်းအရေးနှင့်ပတ်သက်သည့် တင်းမာမှုများ ယနေ့ခေတ်ထိ တည်ရှိနေဆဲဖြစ်သည်။

ထို့ပြင် ကွန်မြူနစ်ဝါဒကို အင်ဒိုနီးရှားနိုင်ငံတွင် ပိတ်ပင်ထားသလို ကွန်မြူနစ်ဝါဒ လိုလားသူများကိုလည်း အထူးသဖြင့် အမျိုးသားရေးဝါဒီများ၊ အစ္စလာမ္မစ်များက သံသယဖြင့် ရှုမြင်လေ့ရှိကြသည်။

၁၉၆၅ ခုနှစ် သတ်ဖြတ်မှုများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ လုပ်ဆောင်လျက်ရှိသည့် ဥပဒေ အကူအညီပေးရေး ဖောင်ဒေးရှင်းပြင်ပတွင် လူပေါင်း ၂၀ဝ ခန့်နှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခ ဖြစ်ပွားခဲ့သဖြင့် ရဲ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်။

ဆန္ဒပြသမားများက ကျောက်ခဲများ၊ ရေဘူးများဖြင့် ပေါက်ခဲ့ကြကာ ရဲတပ်ဖွဲ့က ရေအားပြင်းပိုက်များ၊ မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုခွဲခဲ့ရကာ လူ ၂၂ ဦးကို ထိန်းသိမ်းခဲ့သည်။

“ဖိနှိပ်တဲ့အမြင်တွေ၊ ပြည်သူ့အခွင့်အရေး ကျင့်သုံးတာကို ခြိမ်းခြောက်ဖို့ မင်းမဲ့ဝါဒီတွေကို ခွင့်ပြုပေးမှုတွေဟာ ကျွန်တော်တို့ ဒီမိုကရေစီကို မစွမ်းမသန်ဖြစ်စေပါတယ်”ဟု လူ့အခွင့်အရေးဆိုင်ရာ အမျိုးသား ကော်မရှင်၏ ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

မအောင်မြင်သည့် ကွန်မြူနစ် အာဏာသိမ်းမှု နောက်ပိုင်း ၁၉၆၅ ခုနှစ်တွင် စစ်ဗိုလ်ချုပ် ဆူဟာတိုက စစ်အာဏာ သိမ်းယူခဲ့ပြီး ကွန်မြူနစ် ဆန့်ကျင်ရေး လုပ်ဆောင်ချက်များ နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့ရာ လူပေါင်း သိန်းနှင့်ချီ သတ်ဖြတ်ခံခဲ့ရသည်။

ယင်းကဲ့သို့ သေဆုံးမှုမျိုးကို အင်ဒိုနီးရှား အစိုးရအဆက်ဆက်က ငြင်းဆန်ခဲ့သလို တရားဝင် တောင်းပန်ခြင်းလည်း မပြုပေ။

F-05