News

POST TYPE

EDITOR PICK POST

ရခိုင်မြောက်ပိုင်း ပြဿနာ ဘယ်လိုအဖြေရှာမလဲ
19-Sep-2017 tagged as ရခိုင် ဘင်္ဂါလီ

အော်စလိုက ဆန္ဒပြပွဲ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေအပေါ် နော်ဝေအစိုးရနဲ့ နိုင်ငံတကာဘက်က ကူညီဖြေရှင်းပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတစ်ခု အော်စလိုမြို့ နော်ဝေပါလီမန်ရှေ့မှာ စက်တင်ဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ညနေ ၅ နာရီကနေ ၆ နာရီအထိ ကျင်းပတဲ့ အဲဒီပွဲကို ပရိသတ် ၃၀၀ ကျော်အထိ တက်ရောက်ခဲ့ပြီး နော်ဝေမီဒီယာတွေကလည်း အထူးစိတ်ဝင်စားတာ တွေ့ရပါတယ်။ ဘဂါင်္လီ (နိုင်ငံတကာမီဒီယာ အခေါ် ရိုဟင်ဂျာ) တွေအပေါ် ဖိနှိပ်သတ်ဖြတ်နေတာတွေရပ်ဖို့၊ အရေးပေါ်ကယ်ဆယ်ရေးတွေ အမြန်ပေးဖို့ စသဖြင့် ပိုစတာမျိုးစုံ ကိုင်ထားတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ အမျိုးသားတွေကို တွေ့ရပါတယ်။

စင်ပေါ်တက်ဟောပြောသူတွေကတော့ ဒီဖြစ်စဉ်တွေအပေါ် ရေငုံနှုတ်ပိတ်နေတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုက်ခိုက်မှု လုပ်နေတဲ့ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တစ်ကျိတ်တည်း တစ်ကြံတည်း ဖြစ်တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီနေ့ ဆန္ဒပြပွဲဆီ သီးခြားရောက်လာတဲ့ ကရင်ဒုက္ခသည်ဟောင်း အမျိုးသမီးတစ်ဦးကတော့ မြန်မာနိုင်ငံမှာ ဖိနှိပ်ခံနေရတာ ရိုဟင်ဂျာ တစ်ခုတည်း မဟုတ်ဘူး။ ကရင်အပါအဝင် တိုင်းရင်းသားအားလုံးလည်း ဖိနှိပ်ညှဉ်းပန်းခံနေရတယ်။ ဒီဖိနှိပ်မှုတွေကို စစ်ဘက်က လုပ်နေတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ အဲဒီစစ်ဘက်ကို တားဆီးနိုင်တဲ့အာဏာ မရှိဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်မတင်သင့်ဘူး။ ပြီးတော့ အခုချိန်ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ဖြစ်တာမို့ ဒီပြဿနာတွေကြောင့် ဒီမိုကရေစီကနေ လမ်းချော်သွားမှာကို စိုးရိမ်မိတယ်ဆိုပြီး သူမက နော်ဝေမီဒီယာတွေကို ပြောသွားပါတယ်။

သတင်းအနှစ်ချုပ်က ဒီလောက်ပါပဲ။ ဒါပေမဲ့ ဒီသတင်းကို ဘယ်လိုတင်ပြမှာလဲ။ ပြည်တွင်းမီဒီယာတွေက ဘယ်လောက်အထိ ဖော်ပြရဲမှာလဲဆိုတာက ဒီနေ့ မြန်မာ့မီဒီယာလောက လွတ်လပ်မှုအတွက် မေးခွန်းတစ်ခု ဖြစ်လာနေပါတယ်။ သတင်းသမားတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့် အနေအထားကို ဆက်ပြောရမယ်ဆိုရင် ဒီလိုပွဲမျိုးကို သွားသင့် မသင့်။ ဒီကိစ္စတွေကို ရေးသင့် မသင့် ဆိုတာက စာရေးသူအတွက် ကျဉ်းထဲကျပ်ထဲပါပဲ။ 

ဘာကြောင့်လဲဆို သတင်းသမားတစ်ဦး အနေနဲ့ဖြစ်စေ၊ တော်လှန်ရေးထဲ ပါဝင်ခဲ့ဖူးသူတစ်ဦး အနေနဲ့ဖြစ်စေ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို မီးမောင်းထိုးပြဖို့၊ အဖြေရအောင် ဝိုင်းရှာပေးဖို့ တာဝန်ရှိတယ်လို့ ကိုယ်ဘာသာ ခံယူထားပါတယ်။ အခြားတစ်ဖက်မှာကလည်း ဒီကိစ္စမျိုးတွေမှာ တစ်ခုခု ဝင်ပြောတာထက် ဘာမှမပြောပဲ ခေါင်းရှောင်နေတာက ပိုအမှတ်ရတယ် ဆိုတာကို အတွေ့အကြုံတွေအရ သိထားပြီး ဖြစ်ပါတယ်။ 

ဒါပေမဲ့ အဲဒီလို ခေါင်းရှောင်နေမှတော့ ဘယ်လိုလုပ် အမှန်တရားကို ပြောရဲတဲ့ သတင်းသမား ဖြစ်တော့မလဲ။ အချောင်သမား ဖြစ်သွားတော့မှာပေါ့။ ဒီလို စိတ်ကိုအားတင်းနေတုန်း ခင်ဗျားတို့က ဆန္ဒပြပွဲဆီသွားပြီး ရိုဟင်ဂျာတွေကို ထောက်ခံနေတာလား။ ရိုဟင်ဂျာတွေကို ကန့်ကွက်ပြီး မျိုးချစ်ဗမာတွေနဲ့ အတူရပ်ပြနေတာလား With us or with them? ဆိုပြီး Facebookပေါ်မှာ မေးခွန်းထုတ်လာသူတွေက အများကြီး။

ရခိုင်မြောက်ပိုင်းမှာ အမှန်တကယ် ဘာတွေဖြစ်နေတာလဲ

လူသူအရောက်အပေါက်နည်းပြီး သွားလာရခက်ခဲတဲ့၊ နိုင်ငံတကာ မီဒီယာတွေကို သတင်းယူခွင့် ပိတ်ပင်ထားတဲ့ ရခိုင်မြောက်ပိုင်းမှာ အမှန်တကယ် ဘာတွေဖြစ်နေသလဲ ဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်ပါ။ တပ်မတော်နဲ့ အစိုးရဘက်က ထုတ်ပြန်ချက်တွေ၊ ဘင်္ဂါလီတွေဘက်က ထုတ်ပြန်ချက်တွေ၊ နိုင်ငံတကာမီဒီယာတွေမှာ ပြသနေတဲ့ ပုံရိပ်တွေပေါ် ကြည့်ပြီး လေ့လာသူတွေ၊ အကဲခတ်တွေ အားလုံးက ခန့်မှန်းပုံဖော်နေကြရတာမျိုးပါ။ 

ဒါပေမဲ့ သေချာတာတစ်ခုကတော့ အဲဒီဒေသမှာ လူတွေရာနဲ့ချီ သေတဲ့အထိ၊ သိန်းနဲ့ချီ ထွက်ပြေးရတဲ့အထိ ပြဿနာ ကြီးကြီးမားမား ဖြစ်ပွားနေပါတယ်။ ဘယ်လိုဖြစ်တာလဲ၊ ဘာကြောင့်ဖြစ်တာလဲ စသဖြင့် ဘ ၆ လုံးစုံအောင် သိဖို့ကျတော့ သိပ်ခက်ပါတယ်။ စာရေးသူကိုယ်တိုင် အဲဒီဒေသဆီ တစ်ခါမှ မရောက်ဖူးပါ။ ဝေဖန်သုံးသပ်သူ အများစုထဲမှာလည်း ရောက်ဖူးသူ အတော်နည်းပါလိမ်မ့ယ်။ ဒါဖြင့် မရောက်ဖူးရင် ဝေဖန်သုံးသပ်လို့ မရတော့ဘူးလား။

ရပါတယ်။ ဒါပေမဲ့ ဝေဖန်သုံးသပ်ချက် မလုပ်ခင် ခိုင်မာတဲ့ အချက်အလက်တွေတော့ ရထားဖို့ လိုပါတယ်။ အခုက ရှေ့ မှာနိဒါန်းချီခဲ့တဲ့အတိုင်း အဲဒီဒေသဆီ လွတ်လပ်တဲ့ မီဒီယာသမားတွေကို သွားခွင့်မပေးတဲ့အတွက် တပ်မတော်နဲ့ အစိုးရဘက်က ထုတ်ပြန်ပေးသမျှကိုသာ အများပြည်သူက သိခွင့်ရနေပါတယ်။ မေးစရာ ဖြစ်လာတာက အဲဒီထုတ်ပြန်ချက်တွေက ဘယ်လောက်မှန်ကန်မှု ရှိပါသလဲ။ သေချာတာကတော့ အရင်စစ်အစိုးရ ခေတ်မှာဆိုရင် အစိုးရက ထုတ်ပြန်သမျှကို ဘယ်သူကမှ မယုံပါ။

ဒါပေမဲ့ အခုက လူထုက ရွေးချယ်ထားတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်ဆိုတော့ လူအတော်များများက ယုံကြည်နေပုံ ရပါတယ်။ ဒါက သာမန်လူတွေကို ပြောတာပါ။ သတင်းသဘောအရတော့ အစိုးရက ထုတ်ပြန်တာဟာ အစိုးရအာဘော်သာ ဖြစ်ပြီး အမှန်တရား မဟုတ်ပါ။ လူထုက ရွေးကောက်ထားတဲ့ အစိုးရ ထုတ်ပြန်သမျှ အမှန်တရားဆိုရင် ဒီမိုကရေစီ ရှိပြီးသား အနောက်နိုင်ငံတွေမှာ လွတ်လပ်တဲ့ သတင်းဌာနတွေ ဘယ်လိုတော့မလဲ။ အားလုံး အစိုးရ ထုတ်ပြန်ချက်နဲ့ လုံလောက်နေပြီပေါ့။

ဒါက အစိုးရဘက်က ထုတ်ပြန်ချက် တစ်ခုတည်းပေါ် မှီခိုနေရတဲ့ သတင်းသမားတွေရဲ့ အားနည်းချက်။ ကဲ... အခြားတစ်ဖက်က ထုတ်ပြန်ချက်၊ ပြောဆိုချက်တွေကကော ဘယ်လောက်ခိုင်မာပါသလဲ။ ဒါကတော့ နိုင်ငံတကာမီဒီယာတွေကပဲ ရေးရဲမယ် ထင်ပါတယ်။ ပြည်တွင်းမီဒီယာမှာတော့ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခံထားရတဲ့ အဖွဲ့ကထုတ်တဲ့ ကြေညာချက်ကို သွားကိုးကား ဖော်ပြရင် အဖမ်းခံရမှာပေါ့။

ဒီလိုအခြေအနေအောက်မှာ နိုင်ငံတကာ မီဒီယာမျိုးစုံက ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်ဆီ သွားပြီး ထွက်ပြေးလာသူတွေနဲ့ အင်တာဗျူးလုပ်၊ နတ်မြစ်တစ်ဖက်ကမ်း မြန်မာဘက်မှာ မီးလောင်နေတဲ့ ပုံတွေကိုပြ၊ နိုဘယ်လ်ဆုရှင်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ နိုင်ငံတကာအစိုးရတွေရဲ့ ဝေဖန်ချက်တွေနဲ့ပေါင်းပြီး စတိုရီ လုပ်လိုက်တဲ့အခါမှာတော့ သတင်းသမားတွေကို အဲဒီဒေသဆီ သွားခွင့်မပေးတဲ့ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်အကြီး အကျယ်ခံလိုက်ရပါလေရော။

အခုဆိုရင် ကုလသမဂ္ဂ လုံခြုံကောင်စီမှာ ဆွေးနွေးရတဲ့ အခြေအနေထိ ဖြစ်လာနေပြီ။ ဘင်္ဂလားဒေ့ရှ်နယ်စပ်ထဲ ထွက်ပြေးလာသူ ၄ သိန်းအထိတောင် ရှိနေပြီလို့ ကုလသမဂ္ဂဘက်က ပြောနေပါတယ်။ ဒီကိန်းဂဏန်းတွေကို ယုံကြည်ဖို့ အတော်ခက်ပေမယ့် အခင်းဖြစ်နေတဲ့ နေရာဆီ သတင်းထောက်တွေကို ဝင်ခွင့်မပေးမှတော့ ဒါကို ငြင်းဖို့ခက်နေပြန်ပါတယ်။ 

ဒါပေမဲ့ ပြည်တွင်းရှိ ပြည်သူအများစုရဲ့ အမြင်၊ မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်တဲ့ ဆိုရှယ်မီဒီယာ Facebook User တွေရဲ့ အမြင်ကတော့ နိုင်ငံတကာ မီဒီယာတွေဟာ နှစ်ဖက်စလုံးရဲ့အခြေအနေကို မျှတစွာ ဖော်ပြတာမလုပ်ပဲ ရိုဟင်ဂျာတွေဘက်ကချည်း တစ်ဖက်သတ် ဘက်လိုက်ဖော်ပြနေတယ်။ တကယ်အကြမ်းဖက် တိုက်ခိုက်သူက ရိုဟင်ဂျာ ကိုယ်စားပြု ARSA (Arakan Rohingya Salvation Army) ဖြစ်ပြီး ခံရသူတွေက ဒေသခံ ရခိုင်တိုင်းရင်းသားတွေ ဖြစ်တယ်။ ဒါကိုမပြောပဲ လုံခြုံရေးတပ်ဖွဲ့ရဲ့ လက်ချက်ကြောင့် ထိခိုက်တဲ့ ရိုဟင်ဂျာတွေ အကြောင်းပဲ ပြောနေတယ်။ ဒါကြောင့် ဘက်လိုက်တဲ့ နိုင်ငံတကာ မီဒီယာတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဆန့်ကျင်ရမယ်ဆိုတဲ့အထိ ဖြစ်လာနေပါတယ်။

ဒီလိုဝေဖန်တဲ့အထဲ ထင်ရှားတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ နိုင်ငံရေးသမားတွေ၊ အဲ... လူ့အခွင့်အရေး လှုပ်ရှားသူတချို့ပါ ပါလာတဲ့အခါ နိုင်ငံတကာရဲ့အမြင်က နောက်တစ်မျိုး ထပ်တိုးလာပြန်ပါတယ်။ တစ်နေ့က ထွက်လာတဲ့ နိုင်ငံတကာသတင်း ဝေဖန်ချက်တစ်ပုဒ်မှာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ၊ တပ်မတော်နဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ မြန်မာနိုင်ငံသား အများစုဟာ ရိုဟင်ဂျာအရေးပေါ် လူအခွင့်အရေးကိစ္စအဖြစ် မမြင်တော့ပဲ နိုင်ငံတော်လုံခြုံရေး ပြဿနာအဖြစ် မြင်လာနေတယ်။ တစ်ချိန်က သူတို့ကို ဖမ်းဆီးထောင်ချနှိပ်စက်ခဲ့တဲ့ စစ်အုပ်စုနဲ့တောင်မှ ဒီလူတွေ သဘောထား တစ်ထပ်တည်း ဖြစ်သွားတာ အံ့သြစရာဆိုပြီး မေးခွန်းထုတ်ထားတာ တွေ့ရပါတယ်။

ဘယ်လိုအဖြေရှာမှာလဲ

အဖြေမရှာခင် ပြဿနာက ဘာလဲ။ ဘာကြောင့်ဖြစ်တာလဲ ဆိုတာကို အရင်ရှာဖို့ လိုပါတယ်။ ပြီးရင်တော့ နိုင်ငံတကာမှာ ဖြေရှင်းနေတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်းသွားရုံပါပဲ။ ကိုဖီအာနန်ရဲ့ အကြံပေးချက်ကလည်း ရှိပြီးသားမို့ သိပ်ခက်မယ် မထင်ပါ။

ခက်နေတာက ဒီဖြစ်စဉ်အပေါ် အမြင်မတူတဲ့ လူတွေရဲ့ သဘောထားပါပဲ။ နိုင်ငံတကာ အဖွဲ့အစည်းတွေဘက်က ဒီပြဿနာအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုလို့ မြင်ပါတယ်။ လူမျိုးတုံး သတ်ဖြတ်မှုရဲ့ အစောပိုင်း လက္ခဏာတွေ ဖြစ်တယ် ဆိုတဲ့အထိ ပြောလာနေပါတယ်။ ဒါပေမဲ့ မြန်မာအာဏာပိုင်တွေနဲ့ ဗုဒ္ဓဘာသာ နိုင်ငံသား အများစုကတော့ ဒီပြဿနာဟာ လူ့အခွင့်အရေးကိစ္စ မဟုတ်ပဲ နိုင်ငံတော်အချုပ်အခြာအာဏာ ကိစ္စ၊ အမျိုးဘာသာ စောင့်ရှောက်ရေးကိစ္စအဖြစ် မြင်နေကြပါတယ်။ လူဆိုတာ သူတို့ ရောက်ရှိနေထိုင်တဲ့ နေရာကို ဗဟိုပြု ကြည့်ရှုလေ့ ရှိတာကြောင့် ဒီလိုအမြင် မတူတာ သိပ်တော့မဆန်းပါ။

ဆန်းနေတာက အမြင်မတူ တို့ရန်သူဆိုတဲ့ အဆင့်ကို မကျော်နိုင်သေးတဲ့ ကိစ္စပါ။ ရခိုင်နိုင်ငံရေးသမားတွေ အပါအဝင် ဗုဒ္ဓဘာသာ အစွန်းရောက်သူတွေက ဘင်္ဂါလီတွေ အားလုံးဟာ ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်လာသူတွေ ဖြစ်တယ်။ ဒါကြောင့် ဒီလူတွေအားလုံးကို ပြန်မောင်းထုတ်ရမယ်လို့ ပြောနေပါတယ်။ ဒါပေမဲ့ ဘင်္ဂါလီတွေဘက်ကနေ ပြောနေတာက သူတို့ဟာ အရင်နှစ်ပေါင်းများစွာကတည်းက ဒီဒေသမှာ နေထိုင်လာသူတွေ ဖြစ်တယ်။ အခုခေတ်ကျမှ သူတို့ဆီကနေ နိုင်ငံသားသက်သေခံလက်မှတ်တွေ ပြန်သိမ်းတယ်။ ခရီးသွားခွင့်၊ ပညာသင်ခွင့်၊ စီးပွားရှာခွင့် စသဖြင့် အားလုံးကို ပိတ်ပင်တားဆီးလာတယ်လို့ ပြောပါတယ်။

ဝေဖန်ဆန်းစစ်သူတွေကတော့ ဒီလူတွေထဲက တချို့ဟာ တရားမဝင် ခိုးဝင်လာသူတွေ ဖြစ်နိုင်ပေမယ့် လူအားလုံး ခိုးဝင်နေထိုင်တာတော့ မဟုတ်လောက်ဘူး။ အရင်နှစ်ပေါင်းများစွာ ကတည်းက နေထိုင်သူတွေလည်း ရှိနိုင်ပါတယ်။ ဒါကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေအညီ အသေအချာ စိစစ်လက်ခံဖို့ လိုတယ်လို့ ပြောပါတယ်။ အရင်အစိုးရနဲ့ လက်ရှိအစိုးရ ဝန်ထမ်းတချို့ ပြောတာကတော့ နိုင်ငံသားစိစစ်ရေးအတွက် အစိုးရဘက်က ဆောင်ရွက်ပေးပေမယ့် ဘင်္ဂါလီတွေဘက်က လက်မခံဘဲ ငြင်းဆိုရာကနေ အခုလို ပြဿနာ ဖြစ်လာတာလို့ ဆိုပါတယ်။

အနှစ်ပြန်ချုပ်ရမယ် ဆိုရင်တော့ ရိုဟင်ဂျာအမည် ရှိမရှိ ဆိုတာကို ခဏမေ့ထားလိုက်ပါ။ လောလောဆယ် ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ ဒုက္ခသည်တွေအတွက် အရေးပေါ် ကယ်ဆယ်ရေး၊ အဲဒီကတစ်ဆင့် ပြန်လည်နေရာချထားရေးတွေအတွက် ဦးစားပေး ဆောင်ရွက်ဖို့ လိုနေပါတယ်။ ဒီမကျေလည်မှုအပေါ် အခွင့်ကောင်းယူပြီး အကြမ်းဖက်ခိုက်မှု လုပ်လာတဲ့ အဖွဲ့တွေကို မြန်မာနယ်ထဲ အခြေချခွင့် မရအောင် ဝိုင်းတားဆီးဖို့ လိုပါတယ်။

မြန်မာနိုင်ငံသားအများစု လောလောဆယ် မကျေမနပ် ဖြစ်နေတဲ့  နိုင်ငံတကာ မီဒီယာတွေက ဘက်လိုက်ဖော်ပြနေတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဘက်လိုက်ပြောဆိုနေတယ် ဆိုတာကို ပြေလည်စေဖို့ အတွက်တော့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ပြည်တွင်းမီဒီယာတွေက ပူးပေါင်းပြီး နိုင်ငံတကာ ပရိသတ်ကို စနစ်တကျ ရှင်းလင်းတင်ပြဖို့ လိုနေပါတယ်။ နိုင်ငံတကာမီဒီယာတွေ၊ နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေကိုလည်း ဖိတ်ခေါ်ပြီး အဲဒီဒေသဆီ သွားခွင့်ပေးဖို့ လိုပါတယ်။

ဒီလို အားလုံးပူးပေါင်းဆောင်ရွက်မယ်ဆိုရင် နှစ်ဖက်မကျေလည်မှုတွေ၊ အမြင်မတူမှုတွေ တစ်စုံတစ်ရာ ပြေလည်သွားပါလိမ်မ့ယ်။ ဘာသာရေးအမြင်၊ လူမျိုးရေး အမြင်တွေကို လျှော့ချနိုင်ရင် လူသားချင်းစာနာနိုင်တဲ့ အမြင်တွေ တိုးတက်လာပါလိမ့်မယ်။ အဲဒီကမှတစ်ဆင့် လောလောဆယ် မေ့ပျောက်ခံနေရသလို ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ မူလလုပ်ငန်းစဉ်၊ NLD အစိုးရရဲ့ ဦးစားပေးလုပ်ငန်းစဉ် ဖြစ်တဲ့ စစ်အာဏာရှင်အောက်က လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးဆီ နိုင်ငံသားတွေ ပြန်လည်စိတ်ဝင်စားလာအောင် မီဒီယာက လမ်းပြပေးရပါလိမ်မ့ယ်။      ။ 

ထက်အောင်ကျော်