News

POST TYPE

EDITOR PICK POST

မသန်စွမ်းနှင့် သက်ကြီးရွယ်အိုများအတွက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုသစ်
18-Sep-2017 tagged as YBS

“သက်ကြီးရွယ်အိုတွေဆိုလည်း သက်သောင့်သက်သာ စီးလို့ရမယ်။ မသန်စွမ်းတဲ့ ခရီးသည်တွေ အတွက်လည်း အဆင်ပြေတာပေါ့”
ကိုတရုတ်လေး (YBS ၂၁ ယာဉ်လိုင်းပိုင်ရှင်)

ကျွန်တော်တို့ ယာဉ်လိုင်းတွေမှာ မသန်စွမ်းနဲ့ အသက်အရွယ်ကြီးတဲ့သူတွေအတွက် အထူးယာဉ်လိုင်း အစီးရေ ၂၀ ကို လွန်ခဲ့တဲ့ သုံးလပိုင်းကတည်းက စမ်းသပ်ပြေးဆွဲပေးနေပါတယ်။ အဲဒီယာဉ်လိုင်းမှာဆို အထူးဝန်ဆောင်မှု အနေနဲ့ ခုံအပြည့်ပဲ ခရီးသည်တင်ပြီး အပိုထပ်မတင်တဲ့စနစ်ကို အသုံးပြုထားပါတယ်။ နောက်ထပ်လည်း ကားကို အဲကွန်း အချိန်ပြည့် ဖွင့်ထားပေးတယ်။ ယာဉ်မောင်းကိုယ်တိုင်ကလည်း မိုက်နဲ့ ခရီးသည်တွေ မှတ်တိုင်ရောက်တိုင်း အော်ပေးပါတယ်။ ဒီလိုမျိုးလုပ်ပေးတာတွေက တချို့ခရီးသည်တွေဆို ကိုယ်ဆင်းရမယ့်မှတ်တိုင် မသိတဲ့သူတွေရှိတဲ့အတွက် ဒီလိုဝန်ဆောင်မှုတွေ လုပ်ပေးထားတာပါ။ ကားမှာလည်း GPS စနစ်ကို တပ်ဆင်ထားပြီး ခရီးသည်တွေက ကားဘယ်မှတ်တိုင် ရောက်နေပြီဆိုတာကိုပါ အလွယ်တကူကြည့်ပြီး စောင့်စီးလို့ရအောင် လုပ်ပေးထားပါတယ်။ အဲဒီအတွက် ဝန်ဆောင်ခကို ခရီးသည်တွေကပဲ သတ်မှတ်ပေးပြီး စီးဖို့ စာကပ်ထားပေးပါတယ်။ ဒီလို အထူးယာဉ်လိုင်းမျိုးတွေကို လုပ်ပေးထားတာက အဓိကကတော့ ထိုင်ခုံအကိုက်ပဲ ခရီးသည်တင်တဲ့အတွက် သက်ကြီးရွယ်အိုတွေ ဆိုလည်း သက်သောင့်သက်သာစီးလို့ ရမယ်။ မသန်စွမ်းတဲ့ ခရီးသည်တွေ အတွက်လည်း အဆင်ပြေတာပေါ့။ အခုနောက်ပိုင်းမှာလည်း စပယ်ယာမရှိတဲ့အတွက် စပယ်ယာကိုယ်စား ခရီးသည်တွေကို ဝန်ဆောင်မှု ပိုပေးနိုင်မယ့် သင်တန်းတွေ ထပ်ပြီးပို့ချပေးသွားဖို့ ရှိပါတယ်။                             

“အသက်ကြီးတဲ့သူတွေ စီးဖို့ကျတော့ အခုလက်ရှိ ကားပုံစံတွေက စပယ်ယာပါမှ အဆင်ပြေတယ်”
ဒေါ်စိန်မှီ (ခရီးသည်)

YBS ကားတွေက စပယ်ယာပါတဲ့ ကားနဲ့ မပါတဲ့ ကားတွေနဲ့ မတူဘူး။ အသက်ကြီးတဲ့သူတွေ စီးဖို့ကျတော့ အခုလက်ရှိ ကားပုံစံတွေက စပယ်ယာပါမှ အဆင်ပြေတယ်။ ဆွဲတင်ဖို့၊ မှတ်တိုင်မမှတ်မိရင် အော်ပေးဖို့ပေါ့။ ထိုင်ခုံကတော့ လူငယ်တွေက ဖယ်ပေးပါတယ်။ စပယ်ယာမပါတဲ့ ကားစီးရင် ကိုယ့်ဘာသာ ဆွဲတက်ရတယ်။ ယာဉ်မောင်းတွေက သဘောကောင်းတဲ့သူပဲ မှတ်တိုင်အော်ပေးတယ်။ မအော်တဲ့ ယာဉ်မောင်းက များတယ်။ မှတ်တိုင်မသိတဲ့သူတွေ ကျော်ပါသွားတာတွေ ရှိတယ်။ သက်ကြီးရွယ်အိုတွေ စီးလို့ရအောင် စီစဉ်ပေးစေချင်တယ်။                                                     

“ယာဉ်အကူမပါတဲ့အတွက် ဆင်းတဲ့အခါ တံခါးပိတ်တဲ့အထဲ မတော်တဆ ပါသွားရင်ဆိုတဲ့ အတွေးဝင်ပြီး ကြောက်တာမျိုးတော့ ရှိတယ်”
မခင်မေသူ (ခရီးသည်)

လက်ရှိ YBS ယာဉ်လိုင်းတွေမှာ စပယ်ယာ မပါတော့တဲ့အတွက် ကျွန်မတို့အတွက် သိပ်တော့ အဆင်မပြေဘူးပေါ့နော်။ အရင် စပယ်ယာပါတုန်းကဆို သဘောကောင်းတဲ့ ယာဉ်အကူတွေဆို စောင့်ခေါ်တယ်။ အဆင်းဆိုလည်း စောင့်ပေးဖို့ အော်ထားပေးတာမျိုးတွေ လုပ်ပေးတာမျိုးတွေ ရှိသလို တစ်ခါတလေကျတော့လည်း မစောင့်ဘဲ မောင်းသွားတာမျိုးတွေ ကြုံရပါတယ်။ အခု YBS မှာကျ ကျွန်မတို့ တောင်ဒဂုံကိုသွားတဲ့ ယာဉ်လိုင်းတွေဆို ရုံးတက်ချိန်တွေမှာ အရင်ကထက်လူတွေ ပိုကျပ်လာတဲ့အတွက် အဆင်သိပ်မပြေတော့ဘူး။ နောက် ကားပေါ်မှာ ယာဉ်အကူ မပါတဲ့အတွက် ဆင်းတဲ့အခါ တံခါးပိတ်တဲ့အထဲ မတော်တဆပါသွားရင်ဆိုတဲ့ အတွေးဝင်ပြီး ကြောက်တာမျိုးတော့ ရှိတယ်။ အရင်က ယာဉ်အကူရှိတဲ့အတွက် ကိုယ်ဆင်းပြီးတဲ့အချိန်မှ မောင်းတာ၊ ခုကျ ယာဉ်မောင်းက အာရုံနှစ်ခု ဖြစ်နေတဲ့အတွက် အဲလို စိုးရိမ်မိတာ။ အခုနောက်ပိုင်း ကျွန်မတို့လို လူတွေအတွက် အထူးယာဉ်လိုင်းတွေ ရှိတယ်ဆိုပေမယ့် ညီမတို့ တောင်ဒဂုံဘက်မှာတော့ မရှိသေးပါဘူး။ အဲလိုယာဉ်လိုင်းမျိုးလေးတွေ ရှိရင်တော့ ကျွန်မတို့လို မသန်စွမ်းတဲ့လူတွေအတွက် ပိုကောင်းတာပေါ့နော်။                

ခိုင်ချယ်ရီထွန်း