News

POST TYPE

EDITOR PICK POST

နယ်စပ်ကုန်သွယ်ရေကားလမ်း သီတင်းနှစ်ပတ်ကြာ ပိတ်ထားမည်
16-Sep-2017 tagged as ကား

ကလေး၊ စက်တင်ဘာ ၁၆

ချင်းပြည်နယ် တီးတိန်မြို့နှင့် ရိဒ်ခေါဒါရ်မြို့အကြား မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေကားလမ်း ပြုပြင်မည် ဖြစ်သည့်အတွက် ကုန်ကားများ သွားလာမှုကို သီတင်းနှစ်ပတ်ကြာ ပိတ်ထားမည် ဖြစ်ကြောင်း ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုးက ပြောကြားသည်။

ကုန်တင်ကားမောင်းသူ ဦးညိုချောက “ကားလမ်းပြန်ဖွင့်တဲ့အချိန် လမ်းကောင်းဖို့ပဲ လိုတာပါ။ လမ်းပိတ်ထားတာက ပြဿနာ မရှိပါဘူး။ ပြန်ဖွင့်ချိန်မှာလဲ ထပ်ပြီး မပျက်အောင် ချိန်းကြိုးပတ်ပြီး သွားရတဲ့ ကားတွေကို မိုးရာသီကာလမှာ သွားခွင့် ပိတ်ပေးထားစေချင်တယ်။ ဘာလို့ဆို ချိန်းကြိုးပတ် ကားကြီးတွေကြောင့် လမ်းတွေ အဓိကပျက်စီးတာ” ဟု ပြောကြားသည်။

တီးတိန်-ရိဒ်ခေါဒါရ် ၃၂ မိုင် ၃ ဖာလုံ ကားလမ်းကို စက်တင်ဘာလ ၁၈ ရက်မှစ၍ အောက်တိုဘာလ ၂ ရက်အထိ ကုန်တင်ကားများ သွားလာမှု ပိတ်ထားမည် ဖြစ်သော်လည်း ခရီးသည်တင် ကားငယ်များကို သွားလာခွင့် ပြုသွားမည် ဖြစ်ကြောင်း ကားလမ်းပိတ်ထားသည့် ကာလအတွင်း လမ်းပိုင်းပြုပြင်မည် ဖြစ်ကြောင်း ချင်းပြည်နယ် လမ်းဦးစီးဌာနမှ သိရှိရသည်။

ကလေးမြို့မှ ရိဒ်ခေါဒါရ်မြို့သို့ ကုန်စည်တင်ပို့သည့် ယာဉ်လိုင်းမှ ဂိတ်မှူး ကိုဇော်ဇော်က “လမ်းမကောင်းလို့မှ ကုန်စည်တွေက ဂိုထောင်တွေရော ကားပေါ်မှာတွေပါ ပုံနေပါတယ်ဆို အခုလို လမ်းပိတ်ထားတော့ ပိုလို့ကုန်စည်တွေ ပုံနေမှာ။ ခု ဘယ်လိုစီစဉ်ရမလဲ မသိသေးဘူး” ဟု ပြောကြားသည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော ရိဒ်ခေါဒါရ်မြို့ မီဇိုရမ်းပြည်နယ်ရှိ Mizoram National Front-MNF ပါတီကလည်း စက်တင်ဘာလ ၁၄ ရက်က ပြည်နယ်အတွင်း ကားလမ်းပျက်စီးမှု မပြုပြင်ပေးသည့်အတွက် ရိဒ်-ဇိုခွားထာရ်ကျေးရွာ အကြား မြန်မာ-အိန္ဒိယ နယ်စပ်တံတားကို ပိတ်ထားခဲ့သည်။

(ပုံစာ - တီးတိန်-ရိဒ်ကြား သွားလာနေရသည့် ကားလမ်းမကြီးကို မြင်ရစဉ်)

R 20
ဓာတ်ပုံ - ညိုချော