News

POST TYPE

EDITOR PICK POST

မောင်တောဒေသဆရာများ တာဝန်ပျက်ကွက်ပါက အရေးယူမည်
ရန်ကုန်၊ စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဆရာများအနေနှင့် စက်တင်ဘာလ ၁၇ ရက် နောက်ဆုံး  မိမိတို့တာဝန်ကျရာ စာသင်ကျောင်းသို့ ပြန်လာရမည်ဖြစ်ပြီး ပျက်ကွက်ပါက အရေးယူမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 
ယင်းသို့ ပြန်လည် တာဝန်ထမ်းဆောင်ရန် ရခိုင်ပြည်နယ် ပညာရေးမှူးရုံး၏ စက်တင်ဘာလ ၁၂ ရက် ရက်စွဲပါ ညွှန်ကြားစာတွင် ယခုအခါ မောင်တောဒေသလုံခြုံရေးကို ထိန်းချုပ်လာနိုင်ပြီဖြစ်ပါ၍ ခေတ္တ တိမ်းရှောင်နေကြသည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များမှ ဆရာများ ပြန်လည် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

“ဝန်ထမ်းတွေကို ပြန်ခေါ်ရမှာက ကျွန်တော်တို့ အလုပ်ပါ။ နိုင်ငံ့ဝန်ထမ်းဆိုတာ ခေါ်ရင်လာရမှာပေါ့။ မလာဘဲနေလို့မရဘူး”ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ယင်းသို့ ခေါ်ယူခြင်းနှင့်ပတ်သက်၍  မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ရခိုင်ပြည်နယ် အကြမ်းဖက် အန္တရာယ်ကျရောက်နေသည့် ဒေသများမှ ဆရာ၊ ဆရာမများကို အထူး လုံခြုံရေး ဆောင်ရွက်ပေးရန် အစိုးရကို တိုက်တွန်းကြောင်း စက်တင်ဘာလ ၁၃ ရက်တွင် သဘောထား ထုတ်ပြန်တောင်းဆိုသည်။

အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ် စိုးရိမ်ရဆဲဒေသများသို့ ဆရာများကို အတင်းအကျပ် စေလွှတ်ခြင်းမပြုရန်၊ စေလွှတ်ရာတွင် လုံခြုံရေးကို အပြည့်အဝ အာမခံပေးရန်၊ ဘေးအန္တရာယ် ကျရောက်လာပါက အပြည့်အဝ တာဝန်ယူပေးရန် အချက်များ တောင်းဆိုကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ထို့ပြင် အကြမ်းဖက်ခံရမှုကြောင့် ဆုံးရှုံးမှုများအတွက် နိုင်ငံတော်နှင့် ပညာရေးဝန်ကြီးဌာန အနေနှင့် ပြန်လည် ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် စိတ်ဒဏ်ရာရရှိခဲ့သော ဆရာများကို ကာယကံရှင် မသွားလိုပါက ကာယကံရှင်ဆန္ဒနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးရန် ဆရာအဖွဲ့ချုပ်က တောင်းဆိုထားသည်။ 

ဆရာအဖွဲ့ချုပ် ပြန်ကြားရေးမှူး ဦးကျော်ဝေဖြိုးက “ဒီထက်ပိုဆိုးလာရင်တော့ ရှုတ်ချသွားမှာပါ။ အတင်းအကျပ် လုပ်တာကို လက်မခံနိုင်ပါဘူး”ဟု ပြောကြားသည်။

ရခိုင်ပြည်နယ် ပညာရေးမှူးရုံး၏ ညွှန်ကြားချက်တွင် အကြမ်းဖက်မှုများကို ထိန်းချုပ်နိုင်ပြီဟုဆိုသော်လည်း မိမိတို့အနေနှင့် မြေပြင် သတင်းများကိုသာ အဓိကထားကြည့်ကြောင်းနှင့် လက်ရှိ အနေအထားအရ အချို့နေရာများတွင် ထောင်ထားသော မိုင်းများပင် ရှိသေးကြောင်း ၎င်းက ပြောဆိုသည်။

တောင်းဆိုထားသော အချက်များကို ညှိနှိုင်းမှု မရှိလျှင် ဆရာ၊ ဆရာမများ၏ ခံစားခွင့်များဖြစ်သော လစာမဲ့ခွင့်နှင့် လုပ်သက်ခွင့်တို့ ကဲ့သို့သော နိုင်ငံ့ဝန်ထမ်း ဥပဒေအရ ထောက်ပြသွားမည်ဖြစ်ကြောင်း ဦးကျော်ဝေဖြိုးက ပြောကြားသည်။

မြဇာခြည်သင်း