News

POST TYPE

EDITOR PICK POST

လူမှုကွန်ရက်ပေါ်က သတင်းတွေ ယုံကြည်သင့်ရဲ့လား
12-Sep-2017 tagged as နည်းပညာ

အကြောင်းအရာမျိုးစုံနဲ့ သတင်းမျိုးစုံက လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေတတ်ပါတယ်။ မြန်မာပြည်မှာတော့ သတင်းမှားတွေ တော်တော်များများကို တွေ့မြင်ရမှာပါ။ တချို့သတင်းစာမျက်နှာတွေက ပုံနှိပ်သတင်းမီဒီယာတွေရဲ့ သတင်းတွေကို ခိုးယူဖော်ပြကြပါ တယ်။ ဒါက ကျင့်ဝတ်အရ အင်မတန်ဆိုးဝါးတဲ့ ကိစ္စဖြစ်ပေမယ့်လို့ စာဖတ်သူ အတွက်တော့ အဆိပ်မဖြစ်စေပါဘူး။ တချို့စာမျက်နှာတွေကျတော့ သတင်းအမှားတွေကို ရယ်စရာ မောစရာလိုလို ရေးသားဖော်ပြပြီး မသိနားမလည်တဲ့ စာဖတ်သူတွေကို လှည့်ဖြားကြပါတယ်။ ခေတ်စကားအရ ဆိုရင်တော့ ဂျင်းထည့်တာပေါ့။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ လူမှုကွန်ရက်ပေါ်က မယုံကြည်သင့်တဲ့ သတင်းနဲ့ ယုံကြည်နိုင်တဲ့သတင်း ဆိုတာကို ဘယ်လိုခွဲခြားနိုင်မလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ကော်ပီကူးတဲ့ စာမျက်နှာတွေ

တွေ့သမျှ မြင်သမျှသော သတင်းတွေကို စိစစ်တာမျိုး မရှိဘဲ ကူးယူဖော်ပြနေတဲ့ သတင်းစာမျက်နှာတွေကို မယုံကြည်ဖို့ တိုက်တွန်းချင်ပါတယ်။ သတင်းမီဒီယာကြီးတွေရဲ့ ပို့စ်တွေကို ကူးယူဖော်ပြနေတာက ပြဿနာ မရှိလှပေမယ့် သူတို့တွေအနေနဲ့ သတင်းမှန်၊ မမှန်ကို စိစစ်တာမျိုး မရှိဘဲ အားလုံးကို ကူးယူဖော်ပြနေတာ ဖြစ်တဲ့အတွက် သတင်းမှားတွေလည်း ပါဝင်နေနိုင်တယ် ဆိုတာကို သတိပြုပါ။

မက်ဆေ့ခ်ျထဲရောက်တဲ့သတင်း

လုံးဝမယုံပါနဲ့လို့ ပြောချင်ပါတယ်။ လူမှုကွန်ရက် အသုံးပြုသူတွေရဲ့ အားနည်းချက်ကိုသုံးပြီး သိသိသာသာ ဝါဒဖြန့်တဲ့ သတင်းမှားတွေပါ။ တကယ်လို့သာ သတင်းမှန်ဖြစ်မယ် ဆိုရင် ဘာလို့ လူသိရှင်ကြား မဖြန့်ဝေရဲရတာလဲ။ ဒီသတင်းတွေက လုံးဝ (လုံးဝ) အမှားတွေလို့ သတ်မှတ်နိုင်ပါတယ်။ 

သတင်းမှားတွေ ဖော်ပြတဲ့ စာမျက်နှာများ

ပြည်တွင်းက လူမှုကွန်ရက် အသုံးပြုသူတွေ အနေနဲ့ တွေ့သမျှသတင်းကို မျှဝေတာမျိုး မလုပ်ဘဲ သတင်းရင်းမြစ်ကို သေသေချာချာ စိစစ်သင့်ပါတယ်။ တချို့သတင်းစာမျက်နှာတွေက လူစိတ်ဝင်စားမယ့် ခေါင်းစဉ်တပ်ပြီး မမှန်ကန်တဲ့ အချက်အလက်တွေကို ဖော်ပြကြပါတယ်။ ဒါကို မျှဝေတဲ့သူတွေကို နောက်ကွယ်ကနေ ဟားတိုက်ကြတာပေါ့။

ဘာအကျိုးအမြတ်မှ မရှိဘဲ ဒီလိုမဟုတ်မမှန် သတင်းတွေနဲ့ လူမှုကွန်ရက် အသုံးပြုသူတွေကို အရူးလုပ် လှည့်စားနေတဲ့ စာမျက်နှာတွေကို ဒီနေရာကနေ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ မသိနားမလည် သူကို ဟာသမလုပ်ကြစေချင်ပါဘူး။

တစ်ခုဝမ်းနည်းဖွယ် ကောင်းတာက ဒီရက်ထဲမှာ မမှန်အချက်အလက်တွေကို ဖော်ပြထားတဲ့ သတင်းစာမျက်နှာက သတင်းကို ပုံနှိပ်မီဒီယာကနေ ဖော်ပြလာတာပါပဲ။ ဒီလိုမျိုးတွေရှိတဲ့အတွက် လူမှုကွန်ရက်ပေါ်က သတင်းတွေကို မြင်တဲ့အခါတိုင်းမှာ ဘယ်သူတွေ ရေးသားဖော်ပြနေတာလဲ၊ ဘယ်အဖွဲ့အစည်းက ရေးသားဖော်ပြတာလဲ၊ ဘယ်လောက်အထိ ခိုင်မာမှုရှိသလဲ ဆိုတဲ့ အချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ ယုံကြည်ကြဖို့ တိုက်တွန်းလိုပါတယ်။ သတင်းမီဒီယာတွေရဲ့ သတင်းစာမျက်နှာတွေကနေ တစ်ဆင့် အတည်ပြုချက်တွေကို ရယူကြဖို့လည်း တိုက်တွန်းချင်ပါတယ်။