News

POST TYPE

EDITOR PICK POST

ယာဉ်ထိန်းရဲကို ဆဲဆိုခဲ့သူကို ဖမ်းမမိသေး
12-Sep-2017 tagged as ရဲတပ်ဖွဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၁

လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့ခဲ့သည့် ယာဉ်ထိန်းရဲကို ဆဲဆိုခဲ့သူအား ပုဒ်မသုံးခုဖြင့် အမှုဖွင့် အရေးယူထားသော်လည်း စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

စက်တင်ဘာလ ၉ ရက် ညပိုင်းက လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ယာဉ်မှုစစ်အဖွဲ့က ယာဉ်လမ်းကြောင်း ပိတ်ဆို့နေသည့်နေရာရှိ မော်တော်ယာဉ်များကို လိုက်လံဖမ်းဆီးခဲ့စဉ် ဖြူနီကျားမျဉ်း ရေးဆွဲထားသော နေရာတွင် ရပ်မိသည့် မော်တော်ယာဉ်ကို ဖမ်းဆီးရာမှ ယူစွပ် (ခ) ကျော်စိုးဝင်းဆိုသူ အမျိုးသားတစ်ဦးက ယာဉ်ထိန်းရဲကို ဆဲဆိုသည့် ဗီဒီယိုဖိုင် ပျံ့နှံ့ခဲ့ပြီး အွန်လိုင်းပေါ်တွင် ဝေဖန်မှုအချို့ ထွက်ပေါ်ခဲ့သည်။

“ဖြစ်တဲ့နေ့က စက်တင်ဘာလ ၄ ရက်နေ့ကပါ။ စုပေါင်းဖမ်းဆီးရေးအဖွဲ့နဲ့ ယာဉ်လမ်းကြောင်း ပိတ်ဆို့နေတဲ့ နေရာက ကားတွေကို လိုက်လံရှင်းလင်းနေချိန်မှာ အစ္စလာမ် ဘာသာဝင် အမျိုးသားတစ်ဦးနဲ့ စကားများခဲ့တာ။ သူက ဒေါသထွက်ပြီး ဆဲလိုက်မိတယ်။ ဘာသာတရားတစ်ခုကို ထိခိုက်စေမိတဲ့ စကားမျိုး ဆဲဆိုလိုက်တော့ အနားမှာ ရပ်ကြည့်နေသူတွေက မကျေမနပ်ဖြစ်ပြီး ပြန်ပြောရာကနေ အခုလို လိုင်းပေါ်အထိ ပျံ့သွားတာပါ။ သူ့ကို ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားပေမယ့် လာရင်မဆိုင်ဘဲ တိမ်းရှောင်နေတယ်။ သူ့မိသားစုက လိုက်ရှာပြီး အမှုရင်ဆိုင်ခိုင်းပါ့မယ်လို့တော့ ပြောထားတယ်” ဟု ရဲအရာရှိက ရှင်းပြသည်။

ယာဉ်ထိန်းရဲကို ဆဲဆိုခဲ့သော ယူစွပ် (ခ) ကျော်စိုးဝင်းကို မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းက ၎င်းအား ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က/ ရာဇသတ်ကြီးပုဒ်မ ၁၈၆ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03