News

POST TYPE

EDITOR PICK POST

ရန်ကုန်မြို့တော်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း
11-Sep-2017 tagged as ကား

“ယာဉ်ထိန်းရဲ လာဖမ်းမှ ဘာလို့ဖမ်းတာလဲဆိုပြီး ပြန်မေးတဲ့သူတွေလည်း မြင်ဖူးတယ်”  
ဦးကျော်ဝင်း (အငှားယာဉ်မောင်း) 

လက်ရှိမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်မှုတွေ ရှိသလို တချို့ကျတော့လည်း ကားမောင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို နားမလည်တဲ့သူတွေလည်း များလာတယ်။ ဥပမာ မှတ်တိုင်တွေမှာ တက္ကစီတွေနဲ့ အိမ်စီးကားတွေ ရပ်ထားတာမျိုးတွေကြောင့် ခရီးသည်တွေနဲ့ ဘတ်စ်ကားတွေက သူတို့တွေကိုကျော်ပြီး လမ်းပေါ်မှာရပ်တဲ့အခါ ယာဉ်ကြောနှစ်ထပ် ရပ်မိတာမျိုးတွေ ဖြစ်လာတယ်။ အဲဒီကနေတစ်ဆင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်လာတယ်။ အဲလိုရပ်တာတွေက မသိလို့ ရပ်တာ ရှိသလို သိသားနဲ့  ခရီးသည်ရချင်လို့ ရပ်တဲ့ တက္ကစီတွေလည်း ရှိတယ်။ တချို့တွေကျ မှတ်တိုင်နဲ့ ဘယ်လောက်အကွာအဝေးမှာ ရပ်ရမယ်ဆိုတဲ့ ယာဉ်စည်းကမ်း ဥပဒေမှာ ပြဋ္ဌာန်းပြီးသားလေ။ တချို့ကျ ဥပဒေကို တကယ်မသိလို့ ရပ်မိတာပေါ့နော်။ ယာဉ်ထိန်းရဲလာဖမ်းမှ ဘာလို့ဖမ်းတာလဲဆိုပြီး ပြန်မေးတဲ့ သူတွေလည်း မြင်ဖူးတယ်။ ဒီလိုတွေကြောင့် ယာဉ်ကြောပိတ်ဆို့တာတွေကို ယာဉ်ထိန်းရဲ လုံလုံလောက်လောက်နဲ့ စည်းကမ်းတင်းကျပ်လိုက်မယ်ဆို အတော်တော့ လျော့သွားမှာပါ။                           

“ရပ်ထားတဲ့ယာဉ်က ချလန်ဖြတ်ပြီး ချက်ချင်းမမောင်းသေးရင် ကရိန်းနဲ့ ဆွဲတယ်”
ရဲမှူးမျိုးအောင်မြင့် (အမှတ် ၈ ယာဉ်ထိန်း ရဲဒုတိယတပ်ဖွဲ့ခွဲမှူးရုံး - တောင်ပိုင်းခရိုင်)

မော်တော်ယာဉ်တွေ စည်းကမ်းမဲ့ ရပ်နားထားတဲ့အတွက် နေ့စဉ် ခြောက်သန်းကျော် သွားလာနေတဲ့ အများပြည်သူတွေ အနှောင့်အယှက် ဖြစ်ရတယ်။ ယာဉ်မရပ်ရနေရာ သတ်မှတ်ထားတယ်။ မီးပွိုင့်ဧရိယာအတွင်း၊ မျဉ်းဝါကျား၊ မျဉ်းဝါအံကွက်၊ လူကူးမျဉ်းကျားပေါ်အပြင် တံတားပေါ် လုံးဝရပ်ခွင့် မပြုပါဘူး။ အဓိက ယာဉ်တွေ ပိတ်ဆို့မှု မဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရပ်ထားတဲ့ယာဉ်က ချလန်ဖြတ်ပြီး ချက်ချင်းမမောင်းသေးရင် ကရိန်းနဲ့ဆွဲတယ်။ အချိန်အကြာကြီး ရပ်တာ၊ မရပ်ရနေရာမှာ ရပ်တာမျိုး ပြစ်မှုကျူးလွန်ရင် ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မ ၆၅ အရ ဒဏ်ငွေ သုံးသောင်းအထိ အရေးယူတယ်။ 

“နှစ်ထပ်ရပ်လိုက်တဲ့အခါ နောက်က ကားမောင်းသူတွေမှာ အင်မတန် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်”
မရှင်းရှင်း (ကိုယ်ပိုင်ယာဉ်မောင်း)

ယာဉ်စည်းကမ်းကတော့ နှစ်ထပ်မရပ်ရ နေရာတွေမှာ ရပ်နေတာတွေပါ။ နှစ်ထပ်အပြင် သုံးထပ်ပါ ရှေ့မကြည့် နောက်မကြည့်ရပ်ပြီး ခရီးသည်တင်တာတွေပါ။ တချို့နေရာတွေမှာ လမ်းတွေက ခင်းနေတော့ တစ်လမ်းသွားကို နှစ်လမ်းမောင်းနေရတယ်။ အသွားရော၊ အပြန်ရောပေါ့။ စည်းကမ်းမလိုက်နာတဲ့ ယာဉ်မောင်းတွေက နှစ်ထပ်ရပ်လိုက်တဲ့အခါ နောက်က ကားမောင်းသူတွေမှာ အင်မတန် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ထိထိရောက်ရောက် အရေးမယူလို့ ရပ်တာလို့ မြင်မိပါတယ်။ ပြောင်းပြန်မောင်းလာတာတွေ ခဏခဏ ကြုံရပါတယ်။ လစ်ရင်လစ်သလိုပါ။ စီစီတီဗီ တပ်ထားလည်း ကြောက်စရာ မလိုဘူးလို့ ထင်နေကြပြီး စည်းကမ်းမရှိ မောင်းနေကြတယ်။ မီးပွိုင့်စက်ချွတ်ယွင်းတာတွေ၊ မလင်းတလင်း ဖြစ်နေတာတွေက ယာဉ်မောင်းတွေကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။

ခိုင်ချယ်ရီထွန်း