News

POST TYPE

EDITOR PICK POST

မလေးရှားသို့ အလုပ်သမား ပို့ဆောင်သည့် အေဂျင်စီ ၅၀ ခန့် ရပ်ဆိုင်းဖွယ်ရှိ
ရန်ကုန်၊ စက်တင်ဘာ ၉

မလေးရှားနိုင်ငံသို့ သီးသန့် စေလွှတ်နေသည့် အေဂျင်စီ ၅၀ ခန့် လုပ်ငန်းရပ်ဆိုင်းဖွယ်ရာ ကြုံတွေ့နေရသောကြောင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့  စက်တင်ဘာ ဒုတိယအပတ်တွင် တင်ပြသွားမည်ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုများ လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောသည်။

“ကိုးလနီးပါးရှိနေပြီး မဖွင့်သေးဘူး၊ နောက်ထပ် သုံးလနေလို့မှ အစိုးရက မဖွင့်ပေးရင် လိုင်စင်ပိတ်ခံရတော့မယ်။ တစ်နှစ်ပြည့်တော့မှ အလုပ်သမား မပို့နိုင်ရင် လိုင်စင်သက်တမ်း တိုးမရဘူး။ အဲတော့ ပိတ်သိမ်းခံရတော့မယ်။ အဲဒါကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်နေပါတယ်”ဟု ၎င်းက ဆိုသည်။

မလေးရှား၊ ထိုင်း၊ ဂျပန်၊ စင်ကာပူနိုင်ငံများသို့ တရားဝင် ပို့ခွင့်ပြုထားသည့် နိုင်ငံများတွင် လက်ရှိ လုပ်သားပို့ဆောင်မှုစနစ်၊ ဈေးကွက်အခြေအနေ၊ တရားဝင်ပို့ဆောင်မှု လုပ်ငန်းစဉ် အခက်အခဲများနှင့် ပတ်သက်၍ ပြည်ပ လုပ်သားပို့ အေဂျင်စီ ၁၄၀ ခန့်က စက်တင်ဘာ ၉ ရက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Esperado Lake View Hotel ၌ ပြုလုပ်သည့်ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။

မလေးရှားသို့ ပို့ဆောင်နေသည့် အေဂျင်စီများအနေနှင့် တစ်နှစ်တစ်ကြိမ် လုပ်ငန်းလိုင်စင် သက်တမ်းတိုးရာတွင် တစ်နှစ်ကို အလုပ်သမား အနည်းဆုံး ၇၅ ဦးကို ပို့ဆောင်နိုင်မှသာလျှင် အလုပ်သမား ဝန်ကြီးဌာနက လုပ်ငန်းလိုင်စင် သက်တမ်း တိုးပေးခြင်းဖြစ်သည်။

မလေးရှားနိုင်ငံတွင် ပြီးခဲ့သောနှစ်က ဖြစ်ပေါ်ခဲ့သည့် ဆူပူမှုများကြောင့် လုပ်သားစေလွှတ်ခွင့်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်မှ စတင် ရပ်နားထားခဲ့သည်။

လက်ရှိတွင် မလေးရှားသို့ လုပ်သားစေလွှတ်မှု မပိတ်စဉ်က  အလုပ်ခေါ်စာ ရရှိထားသူ ၈၀ဝ၀ ဝန်းကျင်ရှိသည့်အနက် ဇူလိုင်လက လုပ်သား ၂၉၀ဝ ခန့်ကို စေလွှတ်ထားပြီးဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုများ လုပ်ငန်းရှင်များ အသင်းချုပ်အဖွဲ့ဝင် မလေးရှား ကော်မတီ ဒုတိယခေါင်းဆောင် ဦးသန်းထွဋ်ဦးက ပြောကြားသည်။

“ဟိုဘက်နိုင်ငံက ခေါ်စာရထားတဲ့ကလေးတွေက အခုလို ကြန့်ကြာနေတဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် မသွားတော့ဘူး။ အဲတော့ သူတို့တွေအစားကို တခြားကလေးတွေကို လူအစားထိုးလို့ ရတယ်။ ဒီဘက်အစိုးရက အစားထိုးခွင့်မပေးရင် ဟိုဘက်က အလုပ်ရှင်တွေအတွက် အများကြီး နစ်နာမှုတွေရှိတယ်”ဟု ၎င်းက ဆိုသည်။

မလေးရှားသို့ စည်းမျဉ်းစည်းကမ်းနှင့်အညီ အလုပ်သမား ပို့ဆောင်ခွင့်မရပါက တရားမဝင် လုပ်သားစေလွှတ်မှုများကြောင့် အလုပ်သမားများတွင် နစ်နာမှုများ ဖြစ်လာနိုင်သောကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။  

ပြီးခဲ့သည့်ကာလများတွင် ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ၏ မလေးရှားသို့ လုပ်သားစေလွှတ်သည့် စာရင်းများအရ တစ်လလျှင် လုပ်သား လေးထောင်ခန့် ရှိသည်။

J-18