News

POST TYPE

EDITOR PICK POST

စက်ရုပ်များ အသုံးပြုရန် ထိုင်းအစိုးရ ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်
ဘန်ကောက်၊ စက်တင်ဘာ ၇

ထိုင်းနိုင်ငံ စက်မှုစီးပွားဌာန (OIE) ၏ ထုတ်ပြန်ချက်အရ စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်ရုပ်များနှင့် အလိုအလျောက် စက်ပစ္စည်းများကို တိုးမြှင့်တပ်ဆင် သုံးစွဲရန်အတွက် ကက်ဘိနက်က အတည်ပြုချက်ကို လက်ခံလိုက်ပြီး အစိုးရအနေနှင့် ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးစိုက်ထုတ်ပေးမည် ဖြစ်ကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။

သြဂုတ်လ ၂၉ ရက်နေ့က ကျင်းပသည့် ထိုင်းကက်ဘိနက် အစည်းအဝေးတွင် ထိုင်းနိုင်ငံ ခေတ်မီစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဝန်ကြီးဌာနကို တာဝန်ပေးလိုက်ပြီး OIE ဌာန အနေနှင့် ပရောဂျက်လုပ်ငန်းများကို အကောင်အထည်ဖော်ပေးသွားမည် ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ဝန်ကြီးဌာနများ ပူးပေါင်းလုပ်ဆောင်မှုဖြင့် လယ်ယာစိုက်ပျိုးရေး၊ စက်မှုလက်မှု လုပ်ငန်းများနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများတွင် ကမ္ဘာ့အဆင့်မီ ဖြစ်စေရန် နည်းပညာနှင့် စက်ရုပ်များကို တိုးမြှင့်တပ်ဆင်သွားမည်ဟု OIE က ထုတ်ပြန်သည်။

ထိုင်းနိုင်ငံတွင် အလိုအလျောက် စက်ပစ္စည်းများနှင့် စက်ရုပ်များကို တိုးချဲ့အသုံးပြုရန် စီစဉ်နေရခြင်းမှာ စက်မှုလက်မှု လုပ်ငန်းများတွင် အလုပ်သမားများကို လျှော့ချနိုင်ရေးအတွက် အဓိကဖြစ်ကြောင်း South China Morning Post တွင် ရေးသားထားသည်။

ထိုင်းနိုင်ငံအစိုးရ အနေနှင့် စက်ရုပ်များနှင့် အလိုအလျောက် စက်ပစ္စည်းများ အသုံးပြုနိုင်ရေးအတွက် ပထမနှစ်တွင် ဒေါ်လာ ၃၆၂ သန်းကို စတင်အသုံးပြုမည်ဖြစ်ပြီး၊ လျာထားချက် ဒေါ်လာ ၆ ဘီလီယံအထိ လာမည့် ငါးနှစ်အတွင်း အသုံးပြုသွားမည် ဖြစ်ကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။ 

စက်ရုပ်များ တပ်ဆင်ရန် ရှေ့ပြေးကုမ္ပဏီ ၁၅၀ ကို လျာထားပြီး Robotic Excellence ဌာနများကိုလည်း ထူထောင်သွားကာ ပညာရေးဌာန၊ သုတေသနဌာန၊ ပုဂ္ဂလိက တီထွင်သူများ အားလုံးနှင့် ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားကြရန် အစိုးရက စီစဉ်ထားကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

စက်ရုပ်များနှင့် အလိုအလျောက် စက်ပစ္စည်းများ တပ်ဆင်ရန်အတွက် ထိုင်းနိုင်ငံ အစိုးရသည် ဂျာမနီနိုင်ငံနှင့် MoU ရေးထိုးထားပြီး ထိုင်းနိုင်ငံ စတုတ္ထ စက်မှုခေတ်ပြောင်းတော်လှန်ရေး (Thailand 4.0 Strategy) ကို အောင်မြင်စေရန် အကောင်အထည် ဖော်သွားမည်ဟု ယင်းသတင်းက ဆိုသည်။ 

ထိုင်းနိုင်ငံအစိုးရသည် အာကာသ ဖွံ့ဖြိုးရေး၊ ဇီဝစွမ်းအင် ထုတ်ဖော်နိုင်ရေး၊ ဇီဝဓာတုဗေဒ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒစ်ဂျစ်တယ်နှင့် ကျန်းမာရေးကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။