News

POST TYPE

EDITOR PICK POST

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲမှူးကြီး ရှစ်ဦးကို ပြောင်းရွှေ့
ရန်ကုန်၊ စက်တင်ဘာ ၆

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲမှူးကြီး ရှစ်ဦးကို စက်တင်ဘာ ၅ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှသိရသည်။

ရဲမှူးကြီး ရှစ်ဦး အပြောင်းအရွှေ့တွင် ပါဝင်သော ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက်မှာ ယာယီ ရဲမှူးချုပ်ရာထူး တိုးမြှင့်ခံရပြီး ဇီးပင်ကြီးရှိ ရဲအရာရှိ လေ့ကျင့်ရေးကျောင်းတွင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ခန့်အပ်လိုက်သည်။

ရခိုင်ပြည်နယ် တပ်ဖွဲ့မှူးအဖြစ် အချိန် ၁၉ လကြာ တာဝန် ထမ်းဆောင်ခဲ့သော ရဲမှူးကြီး စိန်လွင်မှာ ပဲခူးတိုင်းဒေသကြီး တပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ရန် ချမှတ်ခဲ့ပြီး ၎င်း၏နေရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမှ ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးကို တာဝန်ထမ်းဆောင်ရန် လွှဲအပ်ခဲ့သည်။

ပြောင်းရွှေ့တာဝန်များ ချမှတ်ခဲ့ရာတွင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ဦးကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးအဖြစ်လည်းကောင်း၊ အမှတ်(၁) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ခွဲမှ ရဲမှူးကြီး ဝင်းခိုင်ကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမှ ဒုပြည်နယ် ရဲတပ်ဖွဲ့မှူးအဖြစ်လည်းကောင်း၊ အကြမ်းဖက် တိုက်ဖျက်ရေးဌာနမှ ရဲမှူးကြီး သန်းဝင်းကို အမှတ်(၁) လုံခြုံရေးကွပ်ကွဲမှု အဖွဲ့ခွဲတွင်လည်းကောင်း တာဝန်ထမ်းဆောင်ရန် လွှဲအပ်ခဲ့သည်။

မှုခင်းရဲတပ်ဖွဲ့ (CID) မှ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးကို မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးအဖြစ်လည်းကောင်း၊ မှုခင်းသိပ္ပံ လေ့ကျင်းရေးဌာနမှူး ရဲမှူးကြီး စိုးနိုင်ဦးကို မှုခင်းရဲတပ်ဖွဲ့(CID) ဒုတပ်ဖွဲ့မှူးအဖြစ်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်ကို ရဲအကြပ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် အသီးသီး လွှဲအပ်ခဲ့သည်။ 

“ရဲမှူးကြီး ရှစ်ဦးကို သက်ဆိုင်ရာ နေရာတွေမှာ သင့်တော်တဲ့ပုဂ္ဂိုလ်တွေနဲ့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ချမှတ်ခဲ့တာပါ။”ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိ တစ်ဦးက ပြောသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ရခိုင်ပြည်နယ် မောင်တောဒေသ၌ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိများ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးအဖြစ် ရဲမှူးချုပ် သူရစန်းလွင်ကို အစားထိုး ခန့်အပ်ခဲ့သည်။

လာမည့် စက်တင်ဘာလ ဒုတိယအပတ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ယာယီရဲချုပ် တာဝန်ရယူထားသော ရဲမှူးချုပ် အောင်ဝင်းဦးကို ရဲချုပ်ရာထူးသို့ တရားဝင် လွှဲပြောင်း ခန့်အပ်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနထံမှ စုံစမ်းသိရှိရသည်။

S-03