POST TYPE

EDITOR PICK POST

ကွယ်လွန်သူများကို အေးခဲအောင်ထားပြီး အာကာသအတွင်း ပို့ပေးမည်
04-Sep-2017 tagged as နည်းပညာ

မော်စကို၊ စက်တင်ဘာ ၃

ရုရှားနိုင်ငံမှ အအေးလွန် နည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်သော KrioRus သည် သေဆုံးသူများ၏ ရုပ်အလောင်းကို အေးခဲထားပေးပြီးနောက် အာကာသထဲတွင် ပို့ဆောင်ထားကာ၊ တစ်နေ့ လူသားများကို ပြန်လည်ရှင်သန်စေရန် လုပ်ဆောင်ပေးနိုင်သည့် အချိန်တွင် ပြန်ခေါ်ပေးမည် ဖြစ်ကြောင်း Science သတင်းတွင် ဖော်ပြထားသည်။

ရုပ်အလောင်းပိုင်ရှင်များ အနေနှင့် အာကာသအတွင်း ထားခနှင့်၊ အေးခဲစေရန် စီစဉ်ပေးခ၊ မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်ခများကို မြေပြင်ပေါ်တွင် ကုမ္ပဏီသို့ ပေးဆောင်ရမည် ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ရုပ်အလောင်းတစ်ခုအတွက် ကုမ္ပဏီသို့ ပေးသွင်းရမည့် ငွေပမာဏမှာ အာကာသအတွင်း ထားခ ဒေါ်လာ ၂၅၀၀၀၀၊ အေးခဲစေရန် စီရင်ခ ဒေါ်လာ ၃၇၆၀၀၊ ဦးနှောက်မပျက်စီးရန် ထိန်းသိမ်းခ ဒေါ်လာ ၁၂၅၆၀ တို့ကို အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

လူများသာမက အိမ်မွေးတိရစ္ဆာန်လေးများကို ထိန်းသိမ်းထားချင်ပါကလည်း ကြောင်ဆိုလျှင် ဒေါ်လာ ၁၀၆၀၀ နှင့် ခွေးဆိုလျှင် ဒေါ်လာ ၂၅၈၀၀ ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။

အလောင်းများကို ဆယ်စုနှစ်တစ်စုအထိ ထိန်းသိမ်းပေးထားမည်ဖြစ်ပြီး၊ အအေးလွန် အထူးပြုလုပ်ထားသည့် အခေါင်းများအတွင်း ထည့်သွင်းကာ သိမ်းဆည်းပေးမည် ဖြစ်သည်။ 

မြေပြင်ပေါ်တွင် အလောင်းများကို စီစဉ်ပေးပြီး ခေတ္တသိမ်းဆည်းပေးထားမည့် နေရာမှာ ကရင်မလင်မြို့အနီး အရှေ့မြောက် ဘက် ၄၇ မိုင်အကွာ၊ နှင်းများအမြဲဖုံးလွှမ်းနေသည့် ရွာလေးရှိ အိမ်တစ်အိမ်တွင် ဖြစ်သည်။ 

မော်စကို အခြေစိုက် အအေးလွန် နည်းပညာကုမ္ပဏီ ဖြစ်သည့် KrioRus သည် DNA  များကို သိမ်းဆည်းပေးခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးလျက်ရှိပြီး၊ အာကာသအတွင်း ရုပ်အလောင်းများ ထားရန်နှင့် ပို့လွှတ်ရန်အတွက် ရုရှားအာကာသ ကုမ္ပဏီတစ်ခုနှင့် စာချုပ်ပြီးပြီ ဖြစ်ကြောင်း ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ယူလီယာ အာခီပိုဗာက ပြောကြားသည်။ 

KrioRusကုမ္ပဏီသည် ၂၀၀၅ ခုနှစ်ကတည်းက လူ ၅၄ ဦး၏ ဦးနှောက်နှင့် ရုပ်အလောင်းများ အေးခဲပေးခြင်း လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး၊ ခွေး ၈ ကောင်၊ ကြောင် ၉ ကောင်၊ ငှက် ၃ ကောင်နှင့် ရှဥ့်တစ်ကောင်လည်း ပါဝင်ကြောင်း၊ ထိုရုပ်အလောင်းများကို အာကာသအတွင်း လွှတ်တင်ထားရန် စီစဉ်နေကြောင်း အာခီပိုဗာက ဆိုသည်။