POST TYPE

EDITOR PICK POST

မောင်းသူမဲ့ ကုန်တင်လော်ရီကားများ ဗြိတိန်တွင် စမ်းသပ်
01-Sep-2017 tagged as နည်းပညာ

လန်ဒန်၊ ဩဂုတ် ၃၁

ဗြိတိန်နိုင်ငံတွင် လာမည့် ၂၀၁၈ ခုနှစ်က စတင်ပြီး မောင်းသူမဲ့ ကုန်တင်လော်ရီ ကားတန်းကြီးများဖြင့် ကုန်စည်သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းကို စတင်လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း Financial Times သတင်းတွင် ဖော်ပြထားသည်။

Platooning ဟု အမည်ပေးထားသည့် နည်းပညာစနစ်ဖြင့် လော်ရီကားများသည် တစ်စင်းနှင့်တစ်စင်း ချိတ်ဆက်ပြီး၊ မောင်းသူမပါ လိုရာခရီးကို အရောက်ပို့ဆောင်ခြင်း၊ ရပ်နားခြင်းများအား ဦးဆောင်ကားက ထိန်းချုပ်မှုဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

လော်ရီကားတန်းကြီး တစ်ခုလုံးတွင် ထိပ်ဆုံးကားပေါ်တွင်သာ စနစ်အားလုံးကို ထိန်းချုပ်မည့်သူ တစ်ဦးလိုက်ပါသွားမည်ဖြစ်ကာ ကားလမ်းပေါ်တွင် ရွေ့လျားနေသည့် ရထားတစ်စင်းအသွင်မျိုး ဖန်တီးထားကြောင်း၊ လူသားများဝင်ပြီး မောင်းနှင်နေရခြင်းထက် စနစ်ပိုကျပြီး တိကျစွာ လုပ်ဆောင်နိုင်စွမ်းများ ရှိကြောင်း လက်တွေ့ပြသခဲ့ကြသည်။

ကုန်တင်ယာဉ်တန်းဖြင့် ကုန်စည်များကို မောင်းသူမဲ့ ပို့ဆောင်ရခြင်းမှာ စရိတ်ကုန်ကျမှုများ သက်သာစေရန် ဖြစ်ကြောင်း၊ စနစ်တကျ အချိန်ကိုက် ထွက်ခြင်းများကြောင့်လည်း လမ်းပိတ်ဆို့မှုများဘေးက ကင်းဝေးစေနိုင်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ပေါလ်မေးနတ်က ပြောကြားသည်။

“ပထမဆုံး နည်းပညာက ဘယ်လောက်အထိ စိတ်ချရသလဲ ဆိုတာကို စမ်းသပ်နေပါတယ်။ ကျွန်တော်တို့ လမ်းတွေနဲ့ အဆင်ပြေနိုင်မှု ရှိ၊ မရှိ ဆိုတာကို လက်တွေ့မောင်းကြည့်နေပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

ဗြိတိန်အစိုးရသည် မောင်းသူမဲ့ လော်ရီကားတန်းဖြင့် ကုန်စည်များ ပို့ဆောင်ခြင်း စီမံချက်ကို ၂၀၁၄ ခုနှစ် ကတည်းက စမ်းသပ်လုပ်ဆောင်နေခဲ့ပြီး၊ ၂၀၁၆ ခုနှစ်ကလည်း ဥရောပတစ်ခွင် တိုက်ကြီးများကို ယာဉ်တန်းဖြတ်ပြီး မောင်းသူမဲ့စနစ်ကို စမ်းသပ်စဉ်ကလည်း ပါဝင်ခဲ့သည်။ 

ယခုအခါ မောင်းသူမဲ့ ယာဉ်တန်းများဖြင့် ကုန်စည်များကို ပို့ဆောင်ခြင်းအား အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံများတွင်လည်း စမ်းသပ်လျက်ရှိသည်။ 

ဗြိတိန်နိုင်ငံတွင် မောင်းသူမဲ့ လော်ရီကားများအမြန်ဆုံး ပြေးဆွဲနိုင်ရေးအတွက် ကားလမ်းများကိုလည်း အကောင်းဆုံးနှင့် အမြန်ဆုံးမောင်းနိုင်သည့် လမ်းများဖြစ်စေရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဂျော့အော့စ်ဘွန်းက ပြောကြားခဲ့သည်။