News

POST TYPE

EDITOR PICK POST

မလေးရှား အတိုက်အခံအင်အားစု
30-Aug-2017 tagged as မလေးရှား

(၁)

မလေးရှားတွင် အတိုက်အခံဆိုသည်မှာ မရှိမဖြစ် ဖွဲ့စည်းထားရခြင်းပင်ဖြစ်သည်။ အစိုးရအနေနှင့် မှုစရာမလိုခဲ့ပေ၊ ယခုအခါ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ (Mahathir Muhamad) ပါဝင်သော အတိုက်အခံ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ကြပြီဖြစ်သည်။ သူ၏လက်ထောက်ဟောင်း အန်ဝါအီဘရာဟင် (Anwar Ibrahim) နှင့် ပြန်လည် ပူးပေါင်းမိကာ မလေးရှား အတိုက်အခံ အင်အားစုကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ ထိုအဖွဲ့အစည်းကို Pakatan Harapan ဟုခေါ်သည်။ နောက်ဆုံး PH ၏ ခေါင်းဆောင်သုံးယောက်ကို ကြေညာခဲ့သည်။

အန်ဝါအီဘရာဟင်မှာ PH ၏ခေါင်းဆောင်ဖြစ်သည်။ ဒေါက်တာ မဟာသီဟာ မူဟာမက်မှာ အဖွဲ့၏ Chairman ဖြစ်သည်။ အန်ဝါ၏ဇနီး (Dr Wan Azizah) ဖြစ်သူမှာ PH ၏ President ဖြစ်သည်။ အဓိက ခက်ခဲနေသော ပြဿနာမှာ ဒေါက်တာ မဟာသီယာနှင့် အန်ဝါတို့၏နေရာများ သတ်မှတ်ဖို့ဖြစ်သည်။ သို့ပါသော်လည်း ထိုကိစ္စမှာ နောက်မှဖြေရှင်းလျှင်လည်း ရနိုင်မည်ဖြစ်သည်။

(၂)

ထိုအတိုက်အခံ ခေါင်းဆောင် နှစ်ဦးသည်သာ မစ္စတာနာဂျစ် (Najib Razak) ကို တိုက်ခိုက်ရန်အတွက် အကောင်းဆုံးနေရာ ရောက်အောင် စွမ်းဆောင်နိုင်သူနှစ်ဦးအဖြစ် ယူဆကြသည်။ မစ္စတာနာဂျစ်မှာ BN-Barisan Nasional ၏ပါတီမှဖြစ်ပြီး ၁၉၅၇ ခုနှစ် လွတ်လပ်ရေးရသည်မှ ယနေ့အထိ အာဏာကို ဆုပ်ကိုင်ထားသောအဖွဲ့ ဖြစ်သည်။ မလေးရှားတွင် အကြီးဆုံး ကုမ္ပဏီဖြစ်သော 1MDB (1Malaysia Development Berhad) ကုမ္ပဏီမှ ရန်ပုံငွေဖြစ်သော ဒေါ်လာသန်း တစ်ထောင်ကျော်ကို သူ့ကိုယ်ပိုင် အကောင့်အတွင်းသို့ လွှဲပြောင်းပေးခဲ့ရသည်ဟူသော စွပ်စွဲချက်များကြောင့် ဝန်ကြီးချုပ်လုပ်သူမှာ နာမည် ပျက်ခဲ့ရသည်။

၁၉၈၀ နှစ်များကဖြစ်သည့် နိုင်ငံ၏ဝန်ကြီးချုပ်ဖြစ်သူ မဟာသီယာမှ သူ့ကိုဆက်ခံမည့်သူအဖြစ် အန်ဝါကို ရွေးချယ် တင်မြှောက်ခဲ့သည်။ မဟာသီယာ၏ ထောက်ခံမှုဖြင့် UMNO-United Malays National Organization (BN ၏ မိခင်ပါတီဖြစ်သည်) ၏ ပါတီဝင်ပြီး ၁၀ နှစ်အတွင်းမှာ မလေးရှား ဒုတိယဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သူ ဒုတိယဝန်ကြီးချုပ် ဖြစ်စဉ်ကာလမှာပင် အကယ်၍ ဒေါက်တာမဟာသီ ထွက်ပေးမှသာ သူက ဝန်ကြီးချုပ် လုပ်နိုင်မည်ဖြစ်သည်။ သူ့ဘာသာ ထွက်ပေးရန်မစောင့်နိုင်တော့သဖြင့် ထွက်ခွာသွားစေရန် ဆောင်ရွက်ခဲ့သည်။

ဒေါက်တာမဟာသီမှာ ရာထူးရှိနေစဉ်တွင် ပုန်ကန်လာသော အန်ဝါကို တိုက်ခိုက်တော့သည်။ ၁၉၉၈ ခုနှစ်တွင် အန်ဝါကို ခြစားမှု၊ လိင်မှုဆိုင်ရာ ပြစ်မှုများဖြင့် ထောင်ချခဲ့သည်။ မဟာသီယာမှာ မလေးရှားနိုင်ငံ၏ အကြာမြင့်ဆုံး ဝန်ကြီးချုပ်အဖြစ်မှ ၂၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

ဒေါက်တာ မဟာသီယာ၏ အကြံအစည်မှာ သူ ရာထူးမှနုတ်ထွက်ပြီး တစ်နှစ်အကြာ ၂၀ဝ၄ ခုနှစ်တွင် အန်ဝါကို ထောင်မှလွှတ်ပေးရန်ဖြစ်သည်။ ပထမ သူ့ကို ဆက်ခံသူအဖြစ် မစ္စတာ အဗ္ဗဒ္ဒူလာ ဘာဒါဝီ (Abdulla Ahmad Badawi) ကို ရွေးချယ်ခဲ့သည်။ ၂၀ဝ၉ ခုနှစ်တွင် ဒေါက်တာ အဗ္ဗဒ္ဒူလာကို နုတ်ထွက်စေပြီး လက်ရှိဝန်ကြီးချုပ်လုပ်နေသူ မစ္စတာနာဂျစ်ကို မြှောက်တင်ခဲ့သည်။

အစစအရာရာသည် မဟာသီယာ၏ စီစဉ်သည့်အကွက်အတိုင်းပင် ဖြစ်၏။ သို့တစေ နာဂျစ်က မဟာသီယာ၏သားကို UMNO ၏ အရေးပါ အရာရောက်သော ငါးနေရာမှ တစ်နေရာသို့ မြှင့်တင်ပေးရန် ငြင်းဆန်ခဲ့သည်။ ဤစီမံကိန်းကို နာဂျစ်က မလိုက်နာသောအခါ နာဂျစ် ရာထူးမှထွက်ရေး ကြိုးပမ်းခဲ့ပြန်သည်။ ဝန်ကြီးချုပ်၏ အနေအထားကို ခိုင်ခံ့အောင် စီမံပေးခဲ့သူမှာ မဟာသီယာပင်ဖြစ်သည်။ မဟာသီယာမှာ ပါတီတွင်ပုန်ကန်ရန် မဖြစ်နိုင်သောအခါ ပါတီပြင်ပမှထွက်၍ အတိုက်အခံပါတီနှင့် ပူးပေါင်းပြန်သည်။ (Parti Pribumi Bersatu Malaysia - PPBM) တို့ပါတီမှာ ယခင်က နာဂျစ်၏ အုပ်ချုပ်မှုကို ပုန်ကန်ခဲ့သူများဖြင့် စုစည်းဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုအတွင်း DAP (Democraric Action Party) ကလည်း ဒေါက်တာ မဟာသီယာ အတိုက်အခံဘက်သို့ ကူးလာခြင်းကို သံသယ မျက်လုံးဖြင့် စောင့်ကြည့်နေခဲ့သည်။ DAP မှာ တရုတ်လူမျိုးတို့ အခြေခံသည့်ပါတီဖြစ်ပြီး ဒေါက်တာ မဟာသီယာ ဝန်ကြီးချုပ်လုပ်စဉ်က သူတို့သားအဖမှာ အကြိမ်ကြိမ် ထောင်သွင်း အကျဉ်းချခံရသည်။ ယခု DAP ကပါ ဒေါက်တာမဟာသီယာ အတိုက်အခံပါတီအားလုံး၏ ခေါင်းဆောင်အဖြစ် လက်ခံခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဒေါက်တာ မဟာသီယာအနေနှင့် အတိုက်အခံ အင်အားစု တကွဲတပြား ဖြစ်မနေဘဲ တစုတပေါင်းတည်းဖြစ်မှသာ နာဂျစ်ကို ဖယ်ရှားနိုင်လိမ့်မည်ဟု ခံယူထားသည်။

ဒေါက်တာ မဟာသီယာအနေနှင့် တောင်းပန်စကား မဆိုဘဲ အတိုက်အခံက လက်ခံနိုင်မလားဟု မေးစရာရှိသည်။ မလေးလူသားထုကို ဖြတ်သန်းရာတွင် မဟာသီယာလိုလူကလည်း လိုသေးသည်။ မဟာသီယာ တစ်ဦးသည်သာ UNMO မှမဲများ၊ PAS (Parti Islam Se-Malaysia) မှ မဲများကို အရယူပေးနိုင်မည်ဖြစ်သည်။ PH အနေနှင့်ကလည်း ထိုမဲများရမှသာ နာဂျစ်ကို ဖယ်ရှားနိုင်ကြပေမည်။

တခြား ထုတ်ဖော် မပြောကြဘဲ မဟာသီယာကို လိုအပ်ချက် တစ်ခုကလည်း ရှိနေသေးသည် အကယ်၍ မဲများမရခဲ့သော် BN ပါတီအနေနှင့် အလွယ်တကူ အာဏာကို စွန့်လိမ့်မည် မမျှော်လင့်နိုင်ချေ။ မလေးရှားအနေနှင့် အတိုက်အခံ ပါတီက အနိုင်ရ၍ အာဏာကို စွန့်လွှတ်သွားခဲ့သည့် သာဓကများ မရှိခဲ့ဖူးချေ။ အကယ်၍ နာဂျစ်များ မဲရှုံးခဲ့သော် COR ခေါ် Conference of  Ruler နှင့် အရေးပေါ် အခြေအနေ ကြေညာ၍ နေနိုင်သေးသည်။ ရွေးကောက်ပွဲအဖြေက ဘာပဲဖြစ်စေ နာဂျစ်က ညစ်လိုလျှင် ညစ်၍ရသည်။

COR Rule ကို အသုံးပြုနိုင်ရန် ဆူလတန်များ၏ အခန်းကဏ္ဍမှာ အရေးကြီးလာသည်။ ဆူလတန်များသည် သူ့နေရာနှင့်သူ အလွန်ဩဇာအာဏာရှိပြီး အလွန် တန်ခိုးထွားသည်။ ဆူလတန်သည် နိုင်ငံရေးအပေါ်ဘက်မှာ နေရမည်ဆိုသော်လည်း နိုင်ငံရေးတွင် အာဏာရပါတီ၏ဆန္ဒနှင့် ဆန့်ကျင်ဘက် ဝင်ရောက် ပတ်သက်နေခဲ့ခြင်းမျိုး သုံးခါကြုံခဲ့ပြီးပြီ၊ ထိုသို့ ဝင်ရောက် နှောင့်ယှက်နိုင်ခြင်းများကြောင့် အလွန် မိုက်မဲသော နိုင်ငံရေးသမားကသာ မလေးရှားနိုင်ငံရေးတွင် ဆူလတန်ကို ထည့်သွင်းမစဉ်းစားဘဲ နေလိမ့်မည်။

ဤနေရာတွင် ဒေါက်တာ မဟာသီယာမှာ အရေးတကြီး ဇာတ်လိုက်ဖြစ်နေတော့သည်။ အကယ်၍သာ PH အနိုင်ရရှိခဲ့သော် COR နှင့် PH အကြား လမ်းခင်း အဆက်အစပ် လုပ်ပေးနိုင်သည်။ မလေးရှား ဆူလတန်များအနေနှင့်ကလည်း အဓိက လိုအပ်ချက်မှာ အစိုးရပိုင်းတွင် မလေးများ အသာစီးရရေးသာ အဓိကဖြစ်သည်။

အခြားမလေးရှား လူ့အဖွဲ့အစည်း၏ အဓိကကျောရိုးဖြစ်သည့် မြို့ပြရေးရာလုပ်ငန်းများ (Civil services) နှင့် လုံခြုံရေးအဖွဲ့မှာလည်း BN  မဟုတ်ပါက မဟာသီယာပါလျှင် ထိုအဖွဲ့ကိုလက်ခံဖို့ ဝန်လေးဖွယ်မရှိ။

မလေးရှားဖြစ်နေသည်မှာ တရုတ်တို့၏ပါတီဖြစ်သော DAP ကို အာဏာပေးရမှာ အကြောက်ဆုံးဖြစ်သည်။ တရုတ်အမျိုးသားရေးဝါဒ ကြီးစိုးသောလူများ အာဏာရသွားမှာကို စိုးရိမ်ကြသည်။ မလေးအမျိုးသားကြီးစိုးရေးဝါဒကို လက်ကိုင်ထားသူများဖြစ်သည်။ အကယ်၍ မဟာ သီယာသာ DAP အစိုးရနှင့်တွဲပြီးတက်လာလျှင် ထိုသူများ၏ စိုးရိမ်မှုကိုလည်း ဖယ်ရှားပေးနိုင်မည်ဖြစ်သည်။

မလေးအဖွဲ့အစည်းအနေနှင့် အန်ဝါကို လက်ခံနိုင်မည်လားဟု မေးစရာရှိသည်။ မလေးအဖွဲ့အစည်းအနေနှင့် အန်ဝါအပေါ် သံသယရှိမည်မှာ မလွဲပါ။ အကယ်၍ အန်ဝါသာ အာဏာရရှိပါက သူ၏လစ်ဘရယ်ဝါဒကြောင့် မလေးသာ အဓိကထားသည့် ပရောဂျက် အများအပြား ဆုံးရှုံးနစ်နာသွားနိုင်လေသည်။ ဤကိစ္စအတွက်မူ မဟာသီယာ ပါလာလျှင် မလေးအုပ်စုအတွက် စိတ်သက်သာရာ ရစေနိုင်သည်။ မဟာသီယာ၏ မူဝါဒများလည်း မလေးသာလျှင် အဓိကဖြစ်သည်။

ဒေါက်တာမဟာသီယာ၏ ကာလတစ်လျှောက်လုံး မလေးများသာ အဓိကဖြစ်သည် ဟူသောဝါဒမှာ အရိုးစွဲနေခဲ့ပြီဖြစ်သည်။ သူ့လက်ထက်က မလေးများကိုသာ အဓိက ရည်ရွယ်၍လည်း ပရောဂျက် အမျိုးမျိုး ဖန်တီးပေးခဲ့သည်။

(၃)

မလေးရှား ရွေးကောက်ပွဲသည် ၂၀၁၈ ခုနှစ် အလယ်ပိုင်းတွင် ဖြစ်ဖွယ်ရှိသည်။ နာဂျစ်အနေနှင့် အတိုက်အခံပါတီများ အရှုပ်အထွေးများ ဖြစ်ပေါ်နေသည်။ အဆင်သင့် မဖြစ်သေးဟု ယူဆလျှင် ၂၀၁၇ နှစ်ကုန်ပိုင်းတွင် ဖြစ်ဖွယ်ရှိသည်။ ဒေါက်တာ မဟာသီယာအနေနှင့် အနေအထား အားလုံးကို ကျော်ဖြတ်ခဲ့ပြီးပြီ၊ အစိုးရဝန်ကြီးချုပ်အဖြစ် ၂၂ နှစ်လည်းလုပ်ခဲ့ပြီ၊ ယခုအတိုက်အခံများနှင့် ပေါင်းခြင်းမှာလည်း သူ၏နည်းတစ်ခုသာဖြစ်သည်။ အထူးသဖြင့် ထောင်ချခဲ့ဖူးသော အတိုက်အခံ ခေါင်းဆောင်နှင့် သင့်မြတ်အောင် ပေါင်းနိုင်ခြင်းမှာ ဘာဖြစ်ဖြစ် လုပ်မည်ဟူသောသဘော ပေါ်ပေါက်နေလေသည်။

ကိုသန်းလွင်
Ref: Why Malaysian Oposition needs Mathir, James Chin Today