News

POST TYPE

EDITOR PICK POST

မြန်မာ-ထိုင်း အကြိုဗိုလ်လုပွဲ သုံးသပ်ချက်များ
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ပါပြီ။ နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဖြစ်နေတဲ့ အိမ်ရှင်မလေးရှားနဲ့ အင်ဒိုနီးရှား၊ အစဉ်အလာ ပြိုင်ဘက်တွေ ဖြစ်တဲ့ မြန်မာနဲ့ထိုင်းတို့ တွေ့ဆုံနေပါတယ်။ ဒီပွဲတွေကိုတော့ ဩဂုတ် ၂၆ ရက်နေ့မှာ ကျင်းပမှာပါ။ ၂၀၁၅ ဗိုလ်လုပွဲမှာ ဂိုးပြတ်ရှုံးနိမ့်ထားတဲ့ ထိုင်းကို ဒီတစ်ကြိမ်မှာ မြန်မာအသင်း အနိုင်ယူကျော်ဖြတ်နိုင်မလား ဆိုတာ စိတ်ဝင်စားစရာပါ။ ဒီပွဲနဲ့ပတ်သက်ပြီး မြန်မာဘောလုံးအသိုင်းအဝိုင်းက အမြင်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

နေကို (အားကစားကလောင်ရှင်) 

ကျွန်တော့်အမြင်အရတော့ ထိုင်းနဲ့ တွေတာက ကံမကောင်းဘူးလို့ မြင်တယ်။ လူတွေက ဒီနှစ်ထိုင်းတွေ မကောင်းတော့ဘူး ပြောပေမယ့် သူတို့ တကယ်တမ်း ကစားရမယ့်ပွဲမှာ ညှစ်ထုတ်သွားတာ တွေ့ရတယ်။ အုပ်စုတွင်း အကောင်းဆုံးပါဆိုတဲ့ ဗီယက်နမ်ကိုတောင် ဂိုးပြတ်နိုင်သွားပြီ။ နောက်ပြီး ထိုင်းတွေက မြန်မာအသင်းအကြောင်းကို ကောင်းကောင်းသိကြတယ်။ မြန်မာအသင်း အနေနဲ့ ထိုင်းကို ဘယ်လိုကစားမလဲ။ ပုံမှန်အတိုင်း ၄-၄-၂ နဲ့ကစားမလား။ အဲဒါဆိုရင်တော့ ရှုံးမှာသေချာတယ်။ သူတို့ကို ယှဉ်ကစားဖို့ထက် ခံစစ်အသားပေးရင်း Counter နဲ့ ကစားရင် ပိုသင့်တော်မယ်။ ဒီအဆင့်မှာ ထိုင်းနဲ့တွေ့တော့ ဗိုလ်လုပွဲတက်ဖို့ ခဲယဉ်းသွားပြီလို့ မြင်တယ်။ 

သောကြာ (မြန်မာနေရှင်နယ်လိဂ် Media Officer)

ဆီမီးဖိုင်နယ်မှာ ထိုင်းနဲ့ ကစားရမှာ ဆိုတော့ မြန်မာအသင်းအနေနဲ့ အနိုင်ရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းဆိုရင် ဘောလုံးကစားသမားတွေ တင်မကဘဲ ပရိသတ်တွေကပါ နိုင်ချင်ကြတာပါ။ ပွဲချိန်အတွင်း ရာနှုန်းပြည့် အာရုံစူးစိုက်မှု ကောင်းကောင်းနဲ့ ကစားမယ်ဆိုရင် ရလဒ်ကောင်း ရနိုင်ပါတယ်။ လက်ရှိထက် ပိုပြီ ကစားသမားတွေ တစ်ယောက်နဲ့တစ်ယောက် ကွင်းထဲမှာ နားလည်မှုကောင်းကောင်း၊ အချိတ်ဆက်မိမိရှိဖို့ လိုမယ်ထင်တယ်။ ထိုင်းက မနှစ်ကထက် အားနည်းတယ်လို့ မထင်ပါဘူး။ ထိုင်းအသင်းက ဘယ်လိုအသင်းမျိုးနဲ့တွေ့ရင် ဘယ်လိုကစားရမယ် ဆိုတာ ကောင်းကောင်းသိတဲ့ အသင်းပါ။ ထိုင်းအသင်း ရှေ့မှာကစားခဲ့တဲ့ အုပ်စုပွဲတွေမှာ အနည်းငယ် ခက်ခဲခဲ့တဲ့ ပုံစံမျိုး ရှိပေမယ့် နောက်ဆုံးမှာ အနိုင်ရလဒ် ယူနိုင်တာပါပဲ။ ဘောလုံးမှာ တစ်ဂိုးနဲ့ နိုင်လည်း နိုင်တာပါပဲ။ မြန်မာအသင်း အနေနဲ့ ရတဲ့အခွင့်အရေးတိုင်းကို ဂိုးအဖြစ် ပြောင်းလဲနိုင်ဖို့ အရေးကြီးပါတယ်။ 

ဦးမင်းဟိန်းကျော် (ချင်းယူနိုက်တက်အသင်း ဥက္ကဋ္ဌ)

ထိုင်းအသင်းရဲ့ ခြေစွမ်းတော့ သေချာမကြည့်ဖြစ်ဘူး။ နောက်ဆုံး ဗီယက်နမ်နဲ့ ပွဲတော့ Live Stream ကနေ ကြည့်ဖြစ်ပါတယ်။ ကစားတာငြိမ်တယ်။ Tempo အတင်အချမှန်တယ်။ ဘယ်လိုအနိုင်ကန်ရမလဲ သူတို့ ကောင်းကောင်းသိတယ်ဗျ။ ဒါပေမဲ့ မြန်မာအသင်းကလည်း မလေးရှားကို ရှုံးတဲ့ပွဲကလွဲလို့ ကျန်တဲ့ပွဲတွေမှာ ကစားအား တော်တော်လေးကောင်းပြီး နိုင်လိုစိတ် ပြင်းပြတာ တွေ့ရတယ်ဗျ။ ဥက္ကဋ္ဌ ဦးဇော်ဇော်တို့ကိုယ်တိုင် ပွဲတိုင်းကွင်းထဲ အရောက်လိုက်အားပေး ဆုချနေတာတွေ၊ မလေးရောက် မြန်မာပရိသတ်တွေရဲ့ အားတွေနဲ့အတူ အောင်သူတို့လို လူငယ်တသိုက်ရဲ့ ရုန်းအား၊ တိုးအားတွေနဲ့ဆို ထိုင်းအသင်းကို နိုင်သွားနိုင်ပါတယ်။ ဒါပေမဲ့ အောင်သူကို လှုပ်မရအောင် ကပ်ကစားရင်၊ လှိုင်းဘိုဘိုဆီက ဘောလုံးမထွက်အောင် လုပ်ထားရင် ဘယ်လိုကစားမလဲ ဆိုတာကိုတော့ ကြိုပြင်ဆင်ထားသင့်သလို စွကစားတတ်တဲ့ ကစားဟန်တွေကိုလည်း အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ လိုတယ်။ ကျွန်တော့်အမြင်တော့ ၂-၁ လောက်နဲ့ မြန်မာအသင်း နိုင်သွားပါလိမ့်မယ်။