POST TYPE

EDITOR PICK POST

မြစ်ဝကျွန်းပေါ်ဒေသ ရေကြီးမည့် အန္တရာယ်ရှိ
25-Aug-2017 tagged as မိုးလေဝသ

ရန်ကုန်၊ သြဂုတ် ၂၄

မုတ်သုံလေ အားကောင်းနေခြင်းနှင့် မုန်တိုင်းအကြွင်းအကျန် တိမ်များကြောင့် မိုးအားကောင်းနေနိုင်သည့်အပြင် မြစ်အထက်ပိုင်းမှ ရေများ တိုးဝင်လာနိုင်ခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသသည် ရေကြီးရေလျှံမည့် အန္တရာယ် ရှိနေကြောင်း မိုးလေဝသ ပညာရှင်များက သတိပေး ပြောကြားသည်။

လက်ရှိတွင် ဧရာဝတီမြစ်ရေသည် အထက်ပိုင်းမြို့များ ဖြစ်သည့် ပခုက္ကူ၊ ညောင်ဦး၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ အောင်လံနှင့် သပိတ်ကျင်း အစရှိသည့် မြို့များတွင် စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန်နေသည့်အတွက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေရာ ယင်းမြစ်ရေများ ပြန်လည်ကျဆင်းလာခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသသည် ထပ်မံ၍ ရေကြီးမည့် အန္တရာယ် ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောဆိုသည်။ 

ထို့ပြင် ဧရာဝတီမြစ်ရေသည် သြဂုတ်လ တတိယ ၁၀ ရက်ပတ်အတွင်း မြစ်ကြီး နားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် နှစ်ပေမှ လေးပေခန့် ကျဆင်းနိုင်ပြီး ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် တစ်ပေမှ နှစ်ပေခွဲခန့် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

အလားတူ ချင်းတွင်းမြစ်ရေသည် ယင်းကာလအတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့ နှင့် ဖောင်းပြင်မြို့တို့တွင် ငါးပေမှ ခုနစ်ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်း မြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် သုံးပေမှ ငါးပေခန့် ကျဆင်းလာနိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒါကိုကြည့်ရင် သြဂုတ်လ ၂၅ ရက် နေ့ကနေ  ၃၁ ရက်အတွင်း ဇလွန်၊ ဟင်္သာတကနေ အောက်ဘက် ဓနုဖြူ၊ မအူပင် ပန်းတနော်၊ ပုသိမ်နဲ့ ညောင်တုန်းဘက်တွေ ရေတက်လာမှာ သိစေလိုတယ်။ ဟင်္သာတနဲ့ ဇလွန်က စိုးရိမ်ရေမှတ်ကို ကပ်နိုင်တယ်။ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်” ဟု အဆိုပါဌာန ညွှန်ကြားရေးမှူး (ဟောင်း) ဦးချစ်ကျော်က ပြောဆိုသည်။

ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် သံလွင်မြစ်တို့တွင် မြစ်ရေမှာစိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ အတွင်း မြို့နယ်အများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အတွက် ဒေသခံများသည် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရလျက် ရှိသည်။ 

“ပခုက္ကူလောက်ကနေ အောက်ပိုင်းအထိတော့ မြစ်ရေဆက်လက်တက်နေတယ်။ ဒါကြောင့် အောက်ပိုင်းဒေသကသူတွေ အနေနဲ့ မြစ်ရေသတင်း သတိပေးချက်တွေ မိုးလေဝသ ခန့်မှန်းချက်တွေနဲ့အတူ ဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းတွေ ကြိုတင်ပြင်ဆင်တဲ့ အလေ့အထကို အခုထက် ပိုမိုနိုးကြားသင့်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောဆိုသည်။ 

E-03