POST TYPE

EDITOR PICK POST

မလေးရှားကို မျက်နှာသာပေးခဲ့ခြင်းကြောင့် အင်ဒိုနီးရှား အမျိုးသမီး ပိုက်ကျော်ခြင်းအသင်း ပြိုင်ပွဲက နုတ်ထွက်
အင်ဒိုနီးရှား သုံးယောက်တွဲ အမျိုးသမီးပိုက်ကျော်ခြင်း အသင်းသည် မလေးရှား အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ဒိုင်လူကြီးက မလေးရှားအသင်း အသာရစေမည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည့်အတွက် ပြိုင်ပွဲကို ဆုံးခန်းတိုင်သည်အထိ မယှဉ်ပြိုင်တော့ဘဲ နုတ်ထွက်ကာ ဆန္ဒပြ ကန့်ကွက်သွားခဲ့ကြောင်း Bernama က ဖော်ပြထားသည်။

မလေးရှား အမျိုးသမီးအသင်းနှင့် အင်ဒိုနီးရှား အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည့် အဆိုပါ ပိုက်ကျော်ခြင်းပွဲစဉ်တွင် ပထမပွဲစဉ်၌ မလေးရှားက ၂၂-၂၀ မှတ်ဖြင့် အနိုင်ရခဲ့သော်လည်း ဒုတိယပွဲစဉ် ယှဉ်ပြိုင်ရာတွင်မူ အင်ဒိုနီးရှားက ၁၆-၁၀ မှတ်ဖြင့် ပွဲကို အမှတ်ဖြတ်ကာ အခြေအနေကောင်းတစ်ရပ် ပြန်လည်ဖန်တီးနိုင်ခဲ့ပြီး ယင်းအချိန်တွင် ဒိုင်လူကြီး မိုဟာမက်ရာဒီက မလေးရှားအသင်း အသာရစေမည့် ဆုံးဖြတ်ချက်များကို ချမှတ်လာခဲ့သည့်အတွက် အင်ဒိုနီးရှား ပိုက်ကျော်ခြင်းမယ်များက ပြိုင်ပွဲကို ဆက်လက်မကစားတော့ဘဲ ကွင်းပြင်သို့ ထွက်ခွာကာ ဆန္ဒပြသွားခဲ့ကြခြင်း ဖြစ်သည်။

အင်ဒိုနီးရှား ပိုက်ကျော်ခြင်းအသင်း နည်းပြချုပ် အက်စ်ရေးဆယမ်းသည် မလေးရှားအသင်း အသာရစေမည့် ဆုံးဖြတ်ချက်များကို ဒိုင်လူကြီး မိုဟာမက်ရာဒီက ချမှတ်လိုက်ချိန်တွင် ကွင်းအတွင်းသို့ ဝင်ရောက်ကာ စောဒကတက်ခဲ့ပြီး အဆုံးသတ်တွင် ပြိုင်ပွဲကို ဆက်လက်မကစားတော့ရန် နည်းပြဆယမ်း၏ ဦးဆောင်မှုဖြင့် အင်ဒိုနီးရှား ပိုက်ကျော်ခြင်းမယ်များက ဆုံးဖြတ်ချက် ချမှတ်လိုက်ကြခြင်း ဖြစ်သည်။

အမျိုးသမီးသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကြရခြင်း ဖြစ်ပြီး မလေးရှား အမျိုးသမီးအသင်းမှာ ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရသည့် နောက်ဆုံးပွဲစဉ်တွင် ၂၁-၁၀၊ ၂၁-၁၀ ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ငွေတံဆိပ်ဖြင့်သာ ကျေနပ်လိုက်ရသည်။

မလေးရှားအားကစားဝန်ကြီး ခိုင်ရီသည် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကပင် ဆီးဂိမ်းစ်လက်ကမ်းစာအုပ်၌ အင်ဒိုနီးရှား နိုင်ငံတော်အလံကို ပြောင်းပြန်ထည့်သွင်း ဖော်ပြမိခဲ့သည့်အမှားအတွက် အင်ဒိုနီးရှား အစိုးရအာဏာပိုင်များနှင့် အင်ဒိုနီးရှား နိုင်ငံသားများကို ဝ ဝန်ချတောင်းပန်လိုက်ရသေးသည်။