News

POST TYPE

EDITOR PICK POST

အင်ဒိုနီးရှား နိုင်ငံတော်အလံကို ပြောင်းပြန်ဖော်ပြခဲ့မိခြင်းအတွက် မလေးရှား အားကစားဝန်ကြီး ဝန်ချတောင်းပန်
ကွာလာလမ်ပူ၊ သြဂုတ် ၂၀

မလေးရှား လူငယ်နှင့်အားကစားရေးရာဝန်ကြီး ခိုင်ရီ ဂျမားလွတ်ဒင်သည် ၂၉ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ကမ်းစာအုပ်တွင် အင်ဒိုနီးရှား နိုင်ငံတော်အလံကို ပြောင်းပြန်ဖော်ပြခဲ့မိခြင်းအတွက် ပြန်လည်ဝန်ချ တောင်းပန်သွားခဲ့ပြီ ဖြစ်ကြောင်း Channel News Asia က ဖော်ပြထားသည်။

အင်ဒိုနီးရှား လူငယ်နှင့်အားကစားရေးရာဝန်ကြီး အိုင်မန် နာရာဝီ အပါအဝင် အင်ဒိုနီးရှား နိုင်ငံသားများက ၎င်းတို့၏ နိုင်ငံတော်အလံကို ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ကမ်းစာအုပ်တွင် ပြောင်းပြန်ထည့်သွင်း ဖော်ပြထားမှုအတွက် ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်လိုက် အပြီးတွင် မလေးရှား လူငယ်နှင့်အားကစားရေးရာဝန်ကြီး ခိုင်ရီက ယခုကဲ့သို့ တောင်းပန်စကား ပြောကြားလိုက်ခြင်း ဖြစ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေး ကော်မတီကလည်း ယင်းမှားယွင်းမှုအတွက် ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ အင်ဒိုနီးရှား တစ်မျိုးသားလုံးကို တောင်းပန်စကား ဆိုလိုက်ပြီ ဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံသားများသည် အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ၎င်းတို့၏ နိုင်ငံတော်အလံကို ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ကမ်းစာအုပ်၌ ပြောင်းပြန်ထည့်သွင်း ဖော်ပြထားခြင်း ခံထားရသည်ကို #ShameOnYouMalaysia ဟူသည့် စာသားနှင့် တွဲဖက်လွှင့်တင်၍ ကန့်ကွက်ဝေဖန်ခဲ့ကြခြင်း ဖြစ်ကာ ယခုအမှားအတွက် မလေးရှားအစိုးရ အာဏာပိုင်များဘက်က တိုက်ရိုက်တောင်းပန်မှုကို ရရှိလိုကြောင်းလည်း အင်ဒိုနီးရှား နိုင်ငံသားများက တောင်းဆိုနေကြသည်။

အင်ဒိုနီးရှား နိုင်ငံတော်အလံသည် အပေါ်ဘက်ခြမ်းတွင် အနီရောင်၊ အောက်ဘက်ခြမ်းတွင် အဖြူရောင်ဖြစ်ပြီး ယင်းကို အတိတ်ကာလက ဆီးဂိမ်းစ်အိမ်ရှင်နိုင်ငံများ စာမျက်နှာတွင် ပြောင်းပြန်ဖော်ပြကာ မလေးရှားဘက်က အမှားကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

အင်ဒိုနီးရှား သတင်းဌာန Detik.com က မလေးရှား၏ လုပ်ရပ်ကို “အရမ်းကို နမော်နမဲ့နိုင်လွန်းပါတယ်။ တကယ့်ကို စိတ်ပျက်စရာ ကောင်းလှတဲ့ လုပ်ရပ်ပါပဲ။ ဒါဟာ နိုင်ငံတစ်နိုင်ငံရဲ့ပုံရိပ်ကို အရမ်းပဲ ထိခိုက်စေပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲဆိုတာ လူသန်းပေါင်းများစွာ စောင့်ကြည့်နေတဲ့ နိုင်ငံတကာပြိုင်ပွဲကြီး တစ်ခုပါ။ ဒီလိုမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်မှာကို ကျွန်တော်တို့ ခွင့်မပြုနိုင်တော့ပါဘူး” ဟု ရေးသားဖော်ပြသွားခဲ့သည်။

အင်ဒိုနီးရှား လူငယ်နှင့် အားကစားရေးရာ ဝန်ကြီးဌာန အတွင်းရေးမှူး ဒီဝါဘရိုတိုကလည်း သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် “အိမ်ရှင်နိုင်ငံဆိုတာ အရာရာကို အလေးထားရပါတယ်။ တခြားနိုင်ငံတွရဲ့ အထိမ်းအမှတ်တွေ၊ သင်္ကေတတွေကို လေးစားမှုအပြည့် ထားရပါတယ်။ ဒါက အပြည်ပြည်ဆိုင်ရာမှာ စည်းမျဉ်းတွေ ရှိထားပြီးသားပါပဲ။ ဒီဖြစ်ရပ်ကြောင့် အင်ဒိုနီးရှား ကစားသမားတွေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်နေမှာကို စိုးရိမ်မိပါတယ်။ သူတို့ကို ကျွန်တော် မှာကြားလိုတာက ပြိုင်ပွဲကို အာရုံစူးစိုက်မှု အပြည့်ထားပြီး ဆက်လက်ကစားဖို့ပါပဲ” ဟု ပြောကြားသွားခဲ့သည်။