News

POST TYPE

EDITOR PICK POST

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးနှင့် တွေ့ဆုံခြင်း
17-Aug-2017 tagged as မိုးလေဝသ

မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးများကာ မြို့ကြီးများတွင် စိုးရိမ်ရေမှတ်အထက် မြစ်ရေမြင့် တက်လျက်ရှိရာ ထပ်မံ၍ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင်ပါ မြစ်ရေမြင့်တက်လာနိုင်သည့် အခြေအနေနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့်အပေါ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : အခုလက်ရှိ စိုးရိမ်ရေမှတ်ကျော်နေတဲ့ မြို့ (စခန်း) တွေက ဘယ်မြို့တွေလဲ ဆရာ။

Dr.KMO : ချင်းတွင်းမြစ်မှာ ဆိုရင်တော့ လောလောဆယ် ခန္တီးနဲ့ ဟုမ္မလင်းပါ။ ဧရာဝတီမြစ်မှာ ဆိုရင်တော့ ရွှေကူနဲ့ ကသာက စိုးရိမ်ရေမှတ်ကို ကျော်နေတယ်။ ဗန်းမော်တို့၊ သပိတ်ကျင်းတို့လို ကျန်တဲ့မြို့တွေကတော့ စိုးရိမ်ရေမှတ်နားကို ကပ်နေတယ်။ အခုမြစ်ရေက အောက်ကိုဆင်းလာပြီ ဆိုတော့ အောက်ပိုင်းက စခန်းတွေမှာလည်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်တယ်။

Voice : အထက်ပိုင်းဒေသက မြို့တွေမှာ အခု လက်ရှိကို မြစ်ရေတက်လို့ ဆိုးဆိုးရွားရွား ရေကြီးရေလျှံတာတွေ ဖြစ်နေတယ်။ အရင်နှစ်တွေကလည်း ဒီလိုရေကြီးတာတွေ ဖြစ်ခဲ့ဖူးတယ်ဆိုတော့ ဒီဖြစ်စဉ်က မနှစ်ကလို ဖြစ်လာနိုင်လား။ သုံးသပ်ပေးပါဦး ဆရာ။

Dr.KMO : အရင်နှစ်တွေတုန်းကတော့ တော်တော်ရေကြီးခဲ့တယ်။ ဒီနှစ်ကတော့ မြန်မာနိုင်ငံအထက်ပိုင်းမှာက ခန္တီးမှာတော့ ရေကများနေတယ်။ ဒါပေမဲ့ အောက်က စခန်းတော်တော်များများမှာကတော့ စိုးရိမ်ရေမှတ်ရောက်ဖို့တော့ နည်းနည်းလိုသေးတယ်။ တချို့စခန်းမှာဆိုရင် ရောက်ရင်လည်းရောက်မယ်။ မုံရွာမှာတော့ စိုးရိမ်ရေမှတ်ကို ရောက်သွားမယ်။ ပြီးသွားရင်တော့ ဧရာဝတီဘက်ထဲကို မြစ်ရေတွေ ပြုံဆင်းမယ်။ ဧရာဝတီဘက်ထဲမှာတော့ လောလောဆယ်တော့ အထက်က ဆင်းလာတဲ့ရေနဲ့ ချင်းတွင်းက ဆင်းလာတဲ့ ရေတွေကတော့ နောက်သုံးလေးရက်လောက်နေရင် တက်လာနိုင်တယ်။ အခုက တက်တော့တက်နေတယ်။ ဒါပေမဲ့ အများကြီး မတက်သေးဘူး။ 

Voice : အထက်ပိုင်းကနေ အခုမြစ်ရေတွေ ပြုံပြီးဆင်းလာပြီဆိုတော့ မြန်မာပြည်အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသတွေဖြစ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသ အနေနဲ့ ဘယ်လောက်အန္တရာယ် ရှိပါလဲ။ 

Dr.KMO : လောလောဆယ်တော့ အပေါ်ကရေ တက်လာတဲ့ ပမာဏပေါ် နည်းနည်းမူတည်တယ်။ အခု မြစ်ရေက ပခုက္ကူလောက်ပဲ ရောက်သေးတယ်။ ပခုက္ကူကို ရောက်တဲ့အချိန်မှာ ပေဘယ်လောက်တက်မလဲ၊ များလာမလဲဆိုတာ မူတည်တယ်။ အဓိကကတော့ ပခုက္ကူပြီးရင် ညောင်ဦး၊ ချောက်၊ မကွေး၊ ပြည်၊ အောင်လံ အဲဒီစခန်းတွေကနေ ဆင်းလာပြီးတော့ မြစ်ဝကျွန်းပေါ်ဒေသကို ရောက်တာပေါ့။ လောလောဆယ်တော့ အဲဒီစခန်းတွေ အကုန်လုံးကတော့ စိုးရိမ်ရေမှတ်အောက်မှာပဲ ရှိသေးတယ်။ အဲဒီစခန်းတွေမှာ မြစ်ရေစိုးရိမ်ရေမှတ် ကျော်သွားရင်တော့ မြစ်ဝကျွန်းပေါ်ဒေသက ရေကြီးရေလျှံမှု အန္တရာယ် ရှိတယ်။ 

Voice : ဒီလို မြစ်ရေမြင့်တက်လာမှာနဲ့ ပတ်သက်ပြီးတော့ မြစ်အောက်ပိုင်းက လူတွေက ဘာတွေကြိုတင်ပြင်ဆင်ထားဖို့လိုလဲ ဆရာ။ 

Dr.KMO : ဧရာဝတီမြစ်ရေကတော့ အခု အနည်းငယ်တက်စ ပြုနေပြီ။ နောက်ရက်တွေလည်း ဆက်တက်လာနိုင်တဲ့ အနေအထားလေးတွေ ရှိတယ်။ စိုးရိမ်ရေမှတ်ရောက်ဖို့ မရောက်ဖို့ ဆိုတာရယ် မြစ်ဝကျွန်းပေါ်ဒေသ ရေကြီး မကြီးဆိုတာကတော့ အပေါ်က ဆင်းလာမယ့် ရေပမာဏပေါ် မူတယ်တယ်။ အဲဒါကိုတော့ စောင့်ကြည့်ဖို့လိုတယ်။ ဧရာဝတီဘက်ထဲကို မြစ်ရေတွေ ပြုံဆင်းလာတာ ဆိုတော့ အောက်ပိုင်းဒေသတွေ အနေနဲ့ သတိထားဖို့တော့ လိုပါတယ်။ အဓိကကတော့ မြစ်ကမ်းပါးမှာနေသူတွေ အနေနဲ့ မြစ်ရေ ရုတ်တရက် မြင့်တက်လာတာကို သတိပြုဖို့ လိုတယ်။ နောက် တချို့နေရာတွေမှာ ကမ်းပါးပြိုတာတို့ ဘာတို့ကို သတိပြုဖို့ လိုတယ်။ အဓိကကတော့ မြစ်ရေဝင်ရောက်လာပြီ ဆိုရင် ဘေးလွှတ်တဲ့ နေရာတွေမှာ ခေတ္တရှောင်ရှား ခိုလှုံတာကတော့ ဘေးအန္တရာယ် အကင်းဆုံးပါပဲ။

Voice : မြန်မာနိုင်ငံမှာ နှစ်စဉ်လိုလို ရေကြီးရေလျှံမှု ဖြစ်စဉ်တွေ ကြုံတွေ့နေရတယ်။ ဒါက ဘာကြောင့်လဲဆိုတာ အချုပ်အနေနဲ့ သုံးသပ်ပေးပါဦး ဆရာ။

Dr.KMO : မိုးများလားဆိုတော့ ပြန်ကြည့်တဲ့အချိနှ်ာ တအားကြီးလည်း မများဘူး။ မိုးရွာတဲ့ပုံစံတွေ ပြောင်းလာတယ်။ မူမမှန်တော့ဘူး။ မိုးမရွာရင်လည်း သုံးလေးရက်လောက် မရွာဘူး။ ရွာတဲ့အချိန်ကျရင်လည်း ရွာတဲ့ပမာဏက များနေတယ်။ အဓိကကတော့ မိုးရွာတဲ့ ပုံစံအနေအထား မမှန်တာရယ်၊ မြစ်ကြမ်းပြင်တွေ မြင့်တက်လာတာရယ် ဒီလိုဟာမျိုးတွေကြောင့် ရေကြီးရေလျှံမှုက ၂၀၁၅ ခုနှစ်ကနေစပြီးတော့  နှစ်တိုင်းနီးပါးလောက် ဖြစ်နေတဲ့ အနေအထားပေါ့။    

ပြည့်ဖြိုးလင်း