News

POST TYPE

EDITOR PICK POST

အကျဉ်းကျ ကျောင်းသားများ ဂုဏ်ထူးနှင့်အောင်လျှင် လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်မည်ဟုဆို

ရန်ကုန်၊ ဩဂုတ် ၁၂

အင်းစိန်အကျဉ်းထောင်တွင်း စာစစ်ဌာနမှ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် အကျဉ်းကျ ကျောင်းသားများအနေနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ရန် ကြိုးစားပါက လွတ်ငြိမ်းချမ်းသာခွင့် အခွင့်အလမ်း ရရှိနိုင်မည်ဟု အားပေးထားကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက ပြောကြားသည်။

“ဆယ်တန်းကို ထူးထူးချွန်ချွန် အောင်မြင်အောင် ကြိုးစားဖို့ တိုက်တွန်းထားတယ်။ ကြိုးစားနေရင် နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အခွင့်အရေးမျိုး ရနိုင်မယ်လို့ အမြဲ အားပေးနေတယ်”ဟု ၎င်းက ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလက အင်းစိန် အကျဉ်းထောင်အတွင်း အကျဉ်းဦးစီးဌာန၏ ဘတ်ဂျက်ဖြင့် ဆောက်ထားသော အလယ်တန်းကျောင်းခွဲတွင် သူငယ်တန်းမှ ဆယ်တန်းအထိ ပညာသင်ကြားနေသော အကျဉ်းသား ၁၀ဝ ကျော်အနက်မှ ၂၀၁၇-၂၀၁၈ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် အကျဉ်းသား ၃၃ ဦးကို အထက်ပါအတိုင်း ကြိုးစားရန် နှစ်သိမ့် အားပေးထားခြင်းဖြစ်သည်။

“ဒီနှစ်မှာ မန္တလေးနဲ့ အင်းစိန်က ဂုဏ်ထူးရ ကျောင်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် နိုင်ငံတော်သမ္မတက ပေးလိုက်တယ်။ အလားတူ နောက်နှစ်ဖြေမယ့် ကျောင်းသားတွေလည်း ထူးချွန်ရင် ဒီလိုအခွင့်အလမ်း ရနိုင်မယ်။ ရိုးရိုးအောင်တဲ့ ကျောင်းသားတွေလည်း လျှော့ရက် ပေးထားတယ်”ဟု အကျဉ်းဦးစီးဌာနမှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ ဆယ်တန်းအောင် ကျောင်းသား ၁၆ ဦးရှိခဲ့ရာ အဆိုပါ ကျောင်းသားများအနက်မှ မန္တလေး အိုးဘိုအကျဉ်းထောင်က ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ ငါးဦး အပါအဝင် အင်းစိန် ဗဟိုအကျဉ်းထောင်က ၂၀၁၅-၂၀၁၆ ပညာသင်နှစ်နှင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တို့၌ ဂုဏ်ထူးဖြင့် အောင်မြင်သည့် ကျောင်းသား နှစ်ဦးတို့ကို လွတ်ပေးခဲ့ကြောင်း အကျဉ်းဦးစီး ဌာနထံမှ သိရသည်။

ထိုသို့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သော အကျဉ်းသား၊ အကျဉ်းသူ ခုနစ်ဦးသည်  ပြစ်ဒဏ်ကျကာလများ ကျန်ရှိသော်လည်း တက္ကသိုလ်ပညာ သင်ကြားနိုင်ရေး အပါအဝင် လူမှုရေးအရ ထောက်ထားငဲ့ညှာကာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ အရ နိုင်ငံတော်သမ္မတက ဩဂုတ်လ ၇ ရက်က လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

အကျဉ်းဦးစီးဌာနသည် အသက်အရွယ်အရ ဆယ်တန်းဖြေရန် လိုအပ်သည်ဟု ယူဆသော ပြစ်ဒဏ်ကျ အကျဉ်းသားများကို ၂၀၁၂- ၂၀၁၃ ပညာသင်နှစ်မှစ၍ အင်းစိန် ဗဟိုအကျဉ်းထောင်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်ကို ပထမဆုံး ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

J-17