News

POST TYPE

EDITOR PICK POST

ဆယ်တန်းမေးခွန်း ပုံစံသစ် ယခုနှစ် မပြောင်းသေး

ရန်ကုန်၊ သြဂုတ် ၉

ဆယ်တန်းစာမေးပွဲ မေးခွန်းပုံစံသစ်များ ယခုပညာသင်နှစ်တွင် ပြောင်းလဲမည် မဟုတ်သေးကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုး၏ ပြောကြားချက်ကို ကိုးကား၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နီလာဝင်းက ပြောကြားသည်။

“ဆယ်တန်းမေးခွန်းပုံစံ ပြောင်းမလား အဖွဲ့ထဲက ဆရာတစ်ယောက်က မေးလိုက်တဲ့အခါ ညွှန်/ချုပ်ကြီးက ဒီနှစ်(၂၀၁၇-၂၀၁၈) မပြောင်းဘူးဆိုတာ ပြောလိုက်ပါတယ်။ အတိအကျ ပြောလိုက်တာပါ”ဟု ဒေါ်နီလာဝင်းက ပြောကြားသည်။

အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်နိုင်စိုးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် ဆရာများ သြဂုတ်လ ၈ ရက်က နေပြည်တော်တွင် တွေ့ဆုံ၍ အခြေခံပညာရေး၊ ဘုန်းတော်ကြီးသင်ပညာရေး၊ ပုဂ္ဂလိက ပညာရေးကိစ္စရပ်များ ဆွေးနွေးရာတွင် ယင်းသို့ ပြောကြားခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဘာသာရပ်အလိုက် မေးခွန်းပုံစံများ ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ ပြောင်းလဲမည်ဖြစ်ပြီး ပြောင်းလဲမည့်မေးခွန်းပုံစံများ ဇူလိုင်လအတွင်း ကြေညာပေးမည်ဟု အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့သော် ပြောင်းလဲမည့် မေးခွန်းပုံစံသစ်များ ဇူလိုင်းအတွင်း ကြေညာနိုင်ခဲ့ခြင်း မရှိပေ။